သတင်းသမားတွေကို ဓာတ်ပုံရိုက်တဲ့ တပ်မတော်သား ဥပဒေနဲ့ မငြိစွန်းဟုဆို
2017.07.06

သတင်းသမားတွေရဲ့ လှုပ်ရှားမှုတွေကို ဓာတ်ပုံနဲ့ ဗွီဒီယိုရိုက်ကူးမှုတွေပြုလုပ်တာကြောင့် မြန်မာသတင်းသမားများ ကာကွယ်ရေး ကော်မတီက တိုင်ကြားထားတဲ့ တပ်မတော်သားရဲ့ လုပ်ရပ်ဟာ နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုကို အကာအကွယ်ပေးရေး ဥပဒေနဲ့ ငြိစွန်းမှုမရှိဘူးလို့ ဗဟန်းမြို့နယ် ရဲစခန်းက ဒီကနေ့ အကြောင်းပြန်ကြားပါတယ်။
ရဲစခန်းက အဲဒီလို အကြောင်းပြန်ကြားပြီး အမှုမဖွင့်ပေးပေမယ့် တရားရုံးမှာ ဦးတိုက်လျှောက်ပြီး တရားစွဲဆို သွားမယ်လို့ မြန်မာသတင်းသမားများ ကာကွယ်ရေးကော်မတီ PCMJ အဖွဲ့ဝင် ကိုရဲလင်းထွန်းက ပြောပါတယ်။
"ရဲတပ်ဖွဲ့မှာ အဲ့လိုမျိုးဆုံးဖြတ်နိုင်တဲ့ အခွင့်အာဏာမရှိဘူး၊ မရှိတဲ့အတွက် သူတို့ ဒီလိုဆုံးဖြတ်လိုက်တဲ့ဟာက ဥပဒေကို ကျော်လွန်ပြီး ဆုံးဖြတ်တာ၊ မြို့နယ်မှူး၊ စခန်းမှူးတို့က ဆုံးဖြတ်တာကိုး သူတို့ကိုလည်း တရားစွဲသွားမယ်၊ တပ်ကြပ်ကိုလည်း တရားရုံးကို လျှောက်ပြီးတော့ တရားစွဲသွားမယ်"
ပြီးခဲ့တဲ့ ဇွန်လ ၃ဝ ရက်နေ့က ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) နဲ့ တရားစွဲဆိုခံထားရတဲ့ The Voice အယ်ဒီတာချုပ် ဦးကျော်မင်းဆွေရဲ့ ရုံးချိန်းကို လာရောက်တဲ့ သတင်းသမားတွေကို ရန်ကုန်တိုင်းစစ်ဌာနချုပ်က တပ်ကြပ် စိုးမြင့်အောင်ဆိုသူက ဓာတ်ပုံနဲ့ ဗွီဒီယို ရိုက်ကူးခဲ့တာဖြစ်ပါတယ်။
ဒါကြောင့် မြန်မာသတင်းသမားများ ကာကွယ်ရေးကော်မတီက ဦးဆောင်ပြီး ၂ဝ၁၇ ခုနှစ် နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုကို ကာကွယ်ပေးရေးဥပဒေအရ အမှုဖွင့်ပေးဖို့ အဲဒီနေ့ကတည်း က တိုင်တန်းခဲ့တာဖြစ်ပေမယ့် အဲဒီဥပဒေနဲ့ မငြိစွန်းဘူးလို့ ရဲစခန်းက ဒီကနေ့မှာ အကြောင်းပြန်တာ ဖြစ်ပါတယ်။
ဒီကနေ့ ဗဟန်းမြို့မရဲစခန်းက အကြောင်းပြန်ကြားစာမှာတော့ တပ်ကြပ်စိုးမြင့်အောင်ဟာ သတင်းသမားတွေ ကို နောက်ယောင်ခံလိုက်တာ မဟုတ်ဘဲ ဓာတ်ပုံ၊ ဗွီဒီယိုသာ ရိုက်ကူးခဲ့တာကြောင့် ၂ဝ၁၇ ခုနှစ် နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုကို ကာကွယ်ပေးရေးဥပဒေ အခန်း(၄)ပါ တားမြစ်ချက်များ ကို ဖောက်ဖျတ်ကျူးလွန်ခြင်း မရှိကြောင်း စိစစ်တွေ့ရှိရတယ်လို့ ပါရှိပါတယ်။