တိုက်ပွဲဖြစ်တဲ့ ရခိုင်က မြို့နယ်တွေမှာ အင်တာနက်လိုင်းဖြတ်


2019.06.22
telenor-msg-622.jpg မြောက်ဦးမြို့နယ်က Telenor နဲ့ အင်တာနက် အသုံးပြုသူတွေကို ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာနက ယာယီရပ်ဆိုင်းဖို့ညွှန်ကြားလာတဲ့ မက်ဆေ့ချ်ကို တွေ့ရစဉ်
Photo credit - Citizen Journalist

ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်က တိုက်ပွဲဖြစ်ပွားရာဒေသတွေမှာ တယ်လီဖုန်းကတစ်ဆင့် အင်တာနက်ဝန်ဆောင်မှုတွေကို ရပ်ဆိုင်းထားတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

မြန်မာ့ဆက်သွယ်ရေး MPT၊ Telenor၊ Ooredoo နဲ့ Mytel ကုမ္ပဏီတွေက အင်တာနက်ဝန်ဆောင်မှု အားလုံးကို ရပ်ဆိုင်းလိုက်တာဖြစ်ပါတယ်။

ဘာကြောင့်ပိတ်လိုက်တာလဲဆိုတာကို ပို့ဆောင်ရေးနဲ့ဆက်သွယ်ရေးဝန်ကြီးဌာနရဲ့ အမြဲတမ်း အတွင်းဝန် ဦးစိုးသိန်းက အခုလို ပြောပါတယ်။

"ဘာကြောင့်လဲဆိုတော့ အဓိကကတော့ ဟိုဟာပေါ့ဗျာ၊ အဲဒီနေရာမှာ ကျွန်တော်တို့ တရားဥပဒေ မကောင်းဘူးဖြစ်လာတယ်ပေါ့နော်၊ တရားဥပဒေစိုးမိုးမှု မကောင်းဘူး ဖြစ်နေတယ်၊ နောက်တစ်ခါ အေးချမ်းတည်ငြိမ်မှု ပျက်ပြားနေတယ်၊ အဲဒါကြောင့် ပြည်သူလူထုတွေ Impact ဖြစ်နေတယ်ပေါ့နော်၊ အဲဒီ Issue တွေကြောင့် အစိုးရရဲ့ ဟိုဟာနဲ့ပိတ်လိုက်တာပါ၊ ကျွန်တော်တို့က ကောင်းကျိုးဖြစ်စေဖို့ ရည်ရွယ်ပြီး ပိတ်လိုက်တာပေါ့ဗျာ၊ အစိုးရအဖွဲ့က ပြည်သူလူထုရဲ့အကျိုးစီးပွားကို ရှေးရှုပြီးပိတ်လိုက်တာဆိုတော့လေ၊ ကျွန်တော်တို့က ပိတ်လိုက်တယ်ဆိုတာကလည်း ယာယီ၊ ယာယီပဲ ပိတ်တယ်၊ နောက်ပီးတော့အားလုံးလည်း ပိတ်လိုက်တာမဟုတ်ဘူး၊ တစ်ယောက်နဲ့တစ်ယောက် အဆက်အသွယ်လည်းမပြတ်အောင် စကားပြောတဲ့ကိစ္စတွေ SMS ပို့တဲ့ကိစ္စတွေ လုပ်လို့ရနေတယ်၊ အဲဒီအတွက်ကိုတော့ ကျွန်တော်တို့မပိတ်ထားဘူးပေါ့နော်"

ယာယီပိတ်လိုက်တာဖြစ်ပေမယ့် တည်ငြိမ်အေးချမ်းမှုရှိတဲ့အခါကျမှသာ ပြန်လည်ခွင့်ပြုပေးမယ်လို့ ဦးစိုးသိန်းက ဆိုပါတယ်။

အင်တာနက်လိုင်းတွေသုံးလို့မရတော့ဘဲ ယာယီပိတ်လိုက်ကြောင်း မက်ဆေ့ချ်ပေးပို့လာတယ်လို့ မြောက်ဦးမြို့ ဒေသခံ ဦးစံမောင်သန်းက ပြောပါတယ်။

"MPT ကျတော့ ပို့တာတော့မတွေ့ဘူး၊ MPT ကျတော့ သုံးရက်လောက်ရှိပြီ ဒီမှာ မြောက်ဦးမှာ ဖြတ်ထားတာလေ၊ Telenor ကျတော့ ဒီမနက် မက်ဆေ့ချ် ဝင်လာတယ်ခင်ဗျ၊ အဲလိုဝန်ဆောင်မှုတွေကို ဆက်သွယ်ရေးဝန်ကြီးရဲ့ ညွှန်ကြားချက်နဲ့ အဲလိုရပ်ထားတယ်၊ နောက်မှလုပ်ပေးမယ်ဆိုပြီးတော့ မက်ဆေ့ချ်တော့ဝင်ပါတယ် ခင်ဗျ ဒီမနက်ကလေ၊ Mytel လည်းဖြတ်ထားတယ်လေ ပြောတယ်၊ တိုက်ပွဲဖြစ်ပွားတဲ့နေရာတွေမှာ ကွက်ပြီးတော့ ဖြတ်ထားတယ်လို့တော့ အဲမှာ သတင်းမှာတွေ့ရတာ"

ပုဏ္ဏားကျွန်း၊ ကျောက်တော်နဲ့ မြေပုံ စတဲ့မြို့နယ်ဘက်တွေမှာလည်း အင်တာနက် လုံးဝသုံးလို့မရတော့ကြောင်း ရခိုင်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဦးစံကျော်လှက RFA ကို အတည်ပြုပြောပါတယ်။

မြန်မာ့ဆက်သွယ်ရေး MPT၊ Telenor၊ Ooredoo နဲ့ Mytel စတဲ့ ဆက်သွယ်ရေး ကုမ္ပဏီတွေအားလုံးက အင်တာနက် အသုံးပြုမှုရပ်ဆိုင်းလိုက်ရတာဖြစ်ပါတယ်။

အဲဒီညွှန်ကြားချက်နဲ့ပတ်သက်ပြီး Mytel ရဲ့ ပြင်ပဆက်ဆံရေးအရာရှိချုပ် ဦးဇော်မင်းဦးက အခုလိုပြောပါတယ်။

"မနေ့က ကျွန်တော်တို့ ဒီညွှန်ကြားချက်ရလို့ ဒေတာကိုပိတ်ထားရတာပေါ့နော် အင်တာနက်ကို၊ အဓိက ကတော့ ကျွန်တော်တို့ ဒီညွှန်ကြားလွှာမှာ နိုင်ငံတော်ဟိုဟာပေါ့ လုံခြုံရေးပေါ့နော် တည်ငြိမ်အေးချမ်းရေး အဲကိစ္စပါပဲ၊ သူတို့ကတော့ ကျွန်တော်တို့ဒီမှာ လိုင်စင်ယူကတည်းက လိုင်စင်ထဲမှာလည်း ပါပြီးသားလေ၊ နောက် တယ်လီဖုန်းဥပဒေထဲမှာလည်း ဒီလိုမျိုးနဲ့ပတ်သက်လို့ရှိရင် တချို့ကိစ္စတွေမှာ လိုအပ်တယ်ဆိုလို့ရှိရင် လုပ်ဖို့ရှိနေတော့ သူတို့လုပ်ထုံးလုပ်နည်းအရ လုပ်တာဆိုတော့လည်း ကျွန်တော်တို့အနေနဲ့ ဘာမှပြောစရာမရှိပါဘူး၊ အချိန်ကတော့ လောလောဆယ် ယာယီပိတ်ခိုင်းထားတာလို့ပဲ ပြောထားပါတယ်ခင်ဗျ၊ ဘယ်လောက်အတိအကျတော့ မပြောထားပါဘူး၊ လောလောဆယ်ကသူတို့က ဒီအင်တာနက်ပဲ ပိတ်ခိုင်းတာပေါ့နော်၊ Voice နဲ့ SMS တွေကတော့ မပိတ်ခိုင်းပါဘူး၊ မပိတ်ခိုင်းတော့ လက်ရှိလည်း ဒါတွေကတော့ အသုံးပြုနေတုန်းပါပဲ၊ ဆိုတော့ကျတော့ လောလောဆယ်တော့ ဒီဟာက ဘယ်လိုဖြစ်မလဲဆိုတာတော့ ပြောရတော့ နည်းနည်းခက်တာပေါ့နော်"

ဆက်သွယ်ရေးအော်ပရေတာတစ်ခုဖြစ်တဲ့ Telenor ကလည်း ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေး ဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်ကြောင့် အင်တာနက်ဝန်ဆောင်မှုတွေကို ယာယီရပ်ဆိုင်းပြီး ဖုန်းခေါ်တာနဲ့ မက်ဆေ့ချ် ပို့တာကိုသာ ဆက်လက်အသုံးပြုနိုင်မှာဖြစ်တယ်ဆိုပြီး ဒီကနေ့ မနက်ကစလို့ သုံးစွဲသူတွေထံ စာတို မက်ဆေ့ချ်တွေ ပေးပို့ထားသလို သူတို့ရဲ့ ဝက်ဆိုက်ဒ်ကနေလည်း ကြေညာထားပါတယ်။

အခုလိုလုပ်တာဟာ နောက်ပြန်သွားတဲ့သဘောဖြစ်နေတယ်လို့ ရခိုင်ပြည်နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်လတ်က ပြောပါတယ်။

"ဒါမျိူးတော့ ဒီလိုဆက်သွယ်ရေးလုပ်ငန်းတွေကို ဒီလိုပိတ်တာတော့ သိပ်မကြားဖူးဘူး၊ နိုင်ငံတကာမှာလည်း သိပ်မကြားဖူးဘူး၊ အင်တာနက်တို့ ဖေ့စ်ဘွတ်တို့ဆိုတာက ဒီလိုပဲလေ ကောင်းကျိုးလည်းရှိတယ် ဆိုးကျိုးလည်းရှိတယ်၊ ဒါပေမဲ့ ဒါကတိုင်းပြည်စီးပွားရေးဖွံ့ဖြိုးဖို့အတွက် လူမှုကိစ္စတွေဆောင်ရွက်ဖို့ အဆင်ပြေဖို့အတွက် အစိုးရလုပ်ငန်းတွေ အဆင်ပြေချော့မွေ့ဖို့အတွက် ဒါက တစ်ကမ္ဘာလုံးမှာ ဒါကိုအဆင့်မြှင့်တင်ပြီးတော့ မြန်သထက်မြန်အောင် လုပ်နေတာပဲလေ၊ ဆိုတော့ ဒါကနောက်ပြန်သွားတဲ့သဘောပဲ ဒါက၊ အခက်အခဲတော့အများကြီးရှိတယ်၊ ကိုယ်ကိုတိုင်လည်း အခက်အခဲရှိတယ်၊ ပြည်သူလူထုအကုန်လုံး အစိုးရဝန်ထမ်း အစိုးရရုံးတွေလည်း ပါတယ် အခက်အခဲရတာမှာ၊ အခုက နောက်စီးပွားရေးလုပ်ငန်းတွေ ကုန်သည်တွေ ကုမ္ပဏီတွေအကုန်လုံး အခက်အခဲဖြစ်ကုန်ရော၊ အခုကဒါပဲသုံးနေကြတာကိုး"

အခုလိုပိတ်လိုက်တာဟာ လုံခြုံရေးကိစ္စနဲ့ စပ်ဆက်နိုင်ပြီး အစိုးရဌာနဆိုင်ရာတွေအပါအဝင် ပြည်သူလူထု အားလုံးအခက်ကြုံရတယ်လို့ ဦးခင်မောင်လတ်က ဆိုပါတယ်။

အင်တာနက်သုံးစွဲမှု အပိတ်ခံလိုက်ရတဲ့ မြို့နယ်တွေကတော့ ရခိုင်ပြည်နယ်မှာ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံနဲ့  ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့ ဖြစ်ပါတယ်။

တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့က ပြောရေးဆိုခွင့်ရှိသူတွေကတော့ အင်တာနက်လိုင်းတွေ ဖြတ်တောက်တာဟာ တပ်မတော်နဲ့ ပတ်သက်မှုမရှိကြောင်း နေပြည်တော်မှာ ဒီနေ့ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

အခုလုပ်ရပ်ဟာ တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းနဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွေရဲ့ သတင်းတွေကို အမှောင်ချဖို့ လုပ်ဆောင်တာဆိုပြီး ဝေဖန်မှုတွေရှိနေသလို အဲဒီနေရာတွေမှာ မကြာခင်ရက်ပိုင်းအတွင်း စစ်ဆင်ရေးတွေပြုလုပ်မယ်လို့လည်း ပြောဆိုသံတွေ ထွက်ပေါ်နေပါတယ်ခင်ဗျာ။

(RFA သတင်းထောက် ကိုသန့်ဇင်ဦး ပေးပို့သည်)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။