ကွတ်ခိုင်မှာ တိုက်ပွဲဆက်ပြင်းထန်နေပြီး ဖုန်းနဲ့ အင်တာနက်လိုင်းတွေပါ ပြတ်တောက်နေ
2024.01.03

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့မှာ စစ်ကောင်စီတပ်နဲ့ မြောက်ပိုင်းညီနောင်သုံးဖွဲ့ တိုက်ပွဲဆက်ပြင်းထန်နေသလို ဇန်နဝါရီလ ၃ ရက် မနက် ၁၀ နာရီနောက်ပိုင်းကစပြီး ဖုန်းနဲ့ အင်တာနက်လိုင်း အားလုံးပြတ်တောက်သွားပြီလို့ ကွတ်ခိုင်မြို့ကနေ ထွက်ပြေးလာရတဲ့ စစ်ဘေးဒုက္ခသည်တွေက ပြောပါတယ်။
ဇန်နဝါရီလ ၁ ရက်ကစပြီး ကွတ်ခိုင်က စစ်ကောင်စီတပ်စခန်းတွေကို မြောက်ပိုင်းသုံးဖွဲ့ ဝင်ရောက်တိုက်ခိုက်ခဲ့သလို ဇန်နဝါရီလ ၃ ရက် မနက်ပိုင်းအထိလည်း တိုက်ပွဲ ပြင်းထန်နေတယ်လို့ ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။
"အခု ကွတ်ခိုင်မှာ ဘာဖုန်းလိုင်းမှ မရတော့ဘူး၊ အင်တာနက်လိုင်းလည်း မရတော့ဘူး။ မနက် ၁၀ နာရီလောက်ကစပြီး မရတော့တာ။ မနက်အစောပိုင်းအထိက တိုက်ပွဲတွေ ဖြစ်နေတုန်းပဲ။ အခုတော့ အဲဒီက အခြေအနေကို ဘာမှမသိရတော့ဘူး"
ဇန်နဝါရီလ ၁ ရက်ကစပြီး ကွတ်ခိုင်မြို့ ရပ်ကွက် (၃)၊ ရပ်ကွက် (၄)၊ ရပ်ကွက် (၈)၊ ရပ်ကွက် (၅) နဲ့ လွိုင်ဆမ်ဆစ်တောင်အနီးမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့တာလို့ ဆိုပါတယ်။
တိုက်ပွဲအတွင်း လေကြောင်းနဲ့ ဒရုန်းပစ်ခတ်မှုကြောင့် အနည်းဆုံး အမျိုးသားနှစ်ဦး သေဆုံးတယ်လို့ ဒေသခံတွေက လူမှုကွန်ရက်ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ ရေးသား နေကြပေမယ့် ဖုန်းလိုင်းအခက်အခဲကြောင့် RFA အနေနဲ့ သီးခြားအတည်မပြုနိုင်ပါဘူး။
လက်ရှိ မြို့ပြင်ရပ်ကွက်တွေမှာ တိုက်ပွဲပြင်းထန်နေပြီး မြို့အတွင်းအထိရောက်လာရင် အရပ်သားထိခိုက်မှု ပိုများလာနိုင်တယ်လို့ ကွတ်ခိုင်မြို့က ဒုက္ခသည်အရေး ကူညီပေးနေသူတွေက ပြောပါတယ်။
လက်ရှိ ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေ ပြတ်တောက်နေတာကြောင့် ဒုက္ခသည်တွေကို အကူအညီပေးနိုင်ရေး ပိုမိုခက်ခဲနိုင်တယ်လို့လည်း ဒုက္ခသည်အရေး ကူညီပေးနေသူတွေက ဆိုပါတယ်။
တိုက်ပွဲကြောင့် မြို့ခံအများစုက ဘေးလွတ်ရာကို တိမ်းရှောင်နေကြပေမယ့် မြို့တွင်းမှာ ရွှေ့ပြောင်း ဗမာတိုင်းရင်းသားအချို့ ပိတ်မိနေတယ်လို့လည်း ကူညီပေးနေသူတွေက ပြောပါတယ်။
စစ်ကောင်စီတပ်ရဲ့ အခြေချဗျူဟာရှိတဲ့ ကွတ်ခိုင်မြို့ကို သိမ်းပိုက်နိုင်ရေး မြောက်ပိုင်း ညီနောင်သုံးဖွဲ့က တိုက်ခိုက်နေသလို စစ်ကောင်စီတပ်ကလည်း လေကြောင်း၊ လက်နက်ကြီးပစ်ကူတွေနဲ့ အပြင်းအထန် ကာကွယ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒါ့အပြင် ကွတ်ခိုင်မြို့နဲ့ မိုင်နှစ်ဆယ်ခန့်သာဝေးတဲ့ သိန္နီမြို့က စကခ (၁၆) လက်အောက်ခံ တပ်စခန်းတွေကိုလည်း မြောက်ပိုင်းသုံးဖွဲ့က ဇန်နဝါရီလ ၁ ရက်နေ့မှာ ထပ်မံထိုးစစ်ဆင် တိုက်ခိုက်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
တိုက်ပွဲနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က တစ်စုံတစ်ရာ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။
(TNLA) ပြန်ကြားရေးဌာနကတော့ ကွတ်ခိုင်မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတွေကို ဝင်ရောက်တိုက်ခိုက်နေတာကြောင့် တိုက်ပွဲပြင်းထန်နေတယ်လို့ ဇန်နဝါရီလ ၂ ရက်နေ့က သတင်းထုတ်ပြန်ထားပါတယ်။