ဖိလစ်ပိုင်သမ္မတ မြန်မာအစိုး ရခေါင်းဆောင်တွေနဲ့ တေ့ွဆုံ
2017.03.20

ဖိလစ်ပိုင်သမ္မတ ဒူတာတေးဟာ နိုင်ငံတော်သမ္မတ ဦးထင်ကျော်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့နဲ့ ဒီနေ့ သီးခြားစီတွေ့ဆုံခဲ့ပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နဲ့ တွေ့ဆုံရာမှာ ရခိုင်ပြည်နယ် တည်ငြိမ် အေးချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီအဖြစ် ဖိလစ်ပိုင်သမ္မတ က အမေရိကန် ဒေါ်လာ ၃သိန်း လှူဒါန်းခဲ့ပါတယ်။
တွေ့ဆုံပွဲမှာ အာဆီယံဒေသတွင်း ပူးပေါင်းဆောင်ရွက်မှု ပိုမိုအားကောင်း ခိုင်မာစေဖို့၊ နှစ်နိုင်ငံဆက်ဆံ ရေးနဲ့ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဖို့၊ ဒေသနဲ့ ကိုက်ညီတဲ့ စပါး မျိုးကောင်းမျိုးသန့်တွေ စိုက်ပျိုး ထုတ်လုပ်နိုင်ရေး အပါအဝင် စိုက်ပျိုးရေးကဏ္ဍ၊ အသက်မွေးပညာကဏ္ဍတွေမှာ ပူးပေါင်း ဆောင်ရွက်ရေးနဲ့ နည်းပညာ အကူ အညီပေးဖို့၊ ရခိုင်ပြည်နယ်အရေးနဲ့ လူသားချင်းစာနာမှုဆိုင်ရာ ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြတယ်လို့ နိုင်ငံတော် အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်ထားပါတယ်။
အလားတူ လူကုန်ကူးမှုတားဆီးရေး၊ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနဲ့ အကြမ်းဖက်မှု တိုက်ဖျက်ရေး တို့မှာ ပူးပေါင်းဆောင်ရွက်နိုင်ဖို့ အပြန်အလှန် ဆွေးနွေး ခဲ့ကြတယ်လို့လည်း သိရပါတယ်။
သမ္မတ ဒူတာတေးဟာ နေပြည်တော်ကို မနေ့ညနေပိုင်းကရောက်ရှိလာတာဖြစ်ပြီး သူ့ရဲ့ချစ်ကြည်ရေး ခရီး စဉ်ဟာ ၂ ရက်ကြာခရီးစဉ်ဖြစ်တယ်လို့ သိရပါ တယ်။ မြန်မာနိုင်ငံမှာရှိနေတဲ့ ဖိလစ်ပိုင်စီးပွားရေး လုပ်ငန်းရှင်များအသင်းနဲ့ ဖိလစ်ပိုင်အသိုက်အဝန်းက ပုဂ္ဂိုလ်တွေနဲ့ မနေ့ညပိုင်းက နေပြည်တော် Horizon Lake View ဟိုတယ်မှာ သီးခြားတွေ့ဆုံခဲ့တယ်လို့လည်း ဒီနေ့ထုတ် ကြေးမုံသတင်းစာမှာ ဖော်ပြထားပါတယ်။