ဖားကန့်ဒေသက တိုက်ပွဲတွေကြောင့် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်

ကချင်ပြည်နယ်၊ ဖားကန့်ကျောက်စိမ်းတွင်းဒေသ လုံးခင်းကျေးရွာအုပ်စု တော်မှော်၊ လမောင်ကုန်း စတဲ့ ရွာတွေတစ်ဝိုက်မှာ အစိုးရတပ်နဲ့ ကေအိုင်အေ တပ်တွေ ဒီကနေ့မနက်ပိုင်း ၁၁နာရီလောက်ကစပြီး တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ပြီး အခုဆိုရင် အစိုးရ တပ်တွေဟာ ကေအိုင်အေတပ်ရင်း ၆အခြေစိုက်ရာ ကံစီးကျေးရွာရဲ့ လေးမိုင်ပတ်ဝန်းကျင်လောက် အထိ ရောက်ရှိနေကြပြီလို့ ဒေသခံတွေက ပြောပါတယ်။

2013.01.16
kachin-refugee-b305 တရုတ် မြန်မာနယ်စပ်ရှိ ကချင်ဒုက္ခသည် စခန်းတစ်ခုအား ၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၃၀ ရက်နေ့တွင် တွေ့ရစဉ်
Photo courtesy of WPN

လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်သံတွေ အခုရက်ပိုင်းအတွင်း နေ့စဉ်ဆိုသလို ကြားနေရတဲ့အတွက် ကံစီးပတ်ဝန်းကျင်နားက လီးဆူးတိုင်ရင်းသားတွေ အခြေချနေထိုင်တဲ့ ဗော်ဇာဒီးကျေးရွာတစ်ရွာလုံးနီးပါး  ဒီကနေ့ ၁၂နာရီလောက်က လုံးခင်းကျေးရွာကို ပြောင်းရွှေ့ခဲ့တယ်လို့ ပြောင်းရွှေ့တဲ့ထဲမှာပါတဲ့ ရွာသားတစ်ဦးက RFA ကို ပြောပါတယ်။

ဒီကနေ့ ညနေပိုင်း ၃နာရီလောက်က အစိုးရ ရဟတ်ယာဉ်နှစ်စီး လုံးခင်းကျေးရွာပေါ်ကနေ ဝေ့ဝိုက်ပျံသန်းခဲ့ပြီး အစိုးရစစ်တပ်ဘက်က လက်နက်ကြီးပစ်ခတ်သံတွေကိုလည်း ကြားရတယ်လို့ လက်ရှိအခြေအနေတွေနဲ့ ပတ်သက်ပြီး စစ်ဘေးရှောင်ပြည်သူတွေကို ကူညီပေးနေတဲ့ လုံးခင်းဒေသခံတစ်ဦးက RFA ကို ပြောပြပါတယ်။

လက်ရှိအခြေအနေတွေကြောင့် လုံးခင်းနဲ့ မှော်စီစာ ကျေးရွာက ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်းတွေ၊ ခရစ်ယာန်ဘုရားကျောင်းတွေနဲ့ နီးစပ်ရာဆွေမျိုးသားချင်းအိမ်တွေကို ထွက်ပြေးတိမ်းရှောင်လာတဲ့ စစ်ဘေးရှောင်ပြည်သူတွေ ပိုမိုများပြားလာပြီး အဲဒီ့စစ်ဘေးရှောင်ပြည်သူတွေကို လုံးခင်း NLD ပါတီဝင်တွေနဲ့ ဒေသခံပြည်သူတွေက အကူအညီပေးနေတယ်လို့ စုံစမ်းသိရှိရပါတယ်။

ကေအိုင်အို ဌာနချုပ်ရှိတဲ့ တရုတ်-မြန်မာနယ်စပ် လိုင်ဇာဘက်မှာ အခုရက်ပိုင်း တိုက်ပွဲတွေ ပြင်းထန်နေသလို၊ဖားကန့်ဘက်မှာလည်း တိုက်ပွဲတွေ ပြင်းထန်လာတဲ့အတွက် ဒေသခံပြည်သူ တစ်သောင်းကျော်လောက် လုံးခင်းဒေသကို ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

လုံးခင်းရောက် ဒုက္ခသည်တွေရဲ့ အခြေအနေအကြောင်း RFA သတင်းထောက် မအိအိခိုင်က သတင်းပေးပို့ထားပါတယ်။

အသံဖိုင်နားထောင်ရန်
အသံဖိုင်ယူရန်။

လိုင်ဇာဘက်က အခြေအနေနဲ့ ပတ်သက်လို့လဲ  မြို့ခံပြည်သူ့သတင်းထောက်တစ်ဦးကို RFA ကိုနေရိန်ကျော်က ဆက်သွယ်မေးမြန်းထားပါတယ်။

အသံဖိုင်နားထောင်ရန်
အသံဖိုင်ယူရန်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။