ဖားကန့်မှာ မြေစာပုံပြိုကျမှု ၄ ဦး သေဆုံး၊ ၆ ဦး ဒဏ်ရာရ
2015.06.26

ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု ငိုးပင်းမှော်ရွာက ရတနာရောင်ခြည် ကျောက်စိမ်း လုပ်ကွက်မှာ ဒီနေ့ မြေစာပုံပြိုကျတာကြောင့် ရေမဆေးကျောက်ရှာဖွေသူ ၄ ဦး သေဆုံးပြီး ၆ ဦး ဒါဏ်ရာ ရရှိခဲ့ပါတယ်။
မိုးကြီးလို့မြေပြိုပြီး သေဆုံးတာဖြစ်တယ်လို့ အဲဒီနေရာကို ကိုယ်တိုင်သွားရောက်ကြည့်ရှုခဲ့တဲ့ ဒေသခံ ဦးတင်လှိုင်က ပြောပါတယ်။
"ရတနာရောင်ခြည်ကျင်းထဲမှာ ကျောက်ရှာနေတုန်းမြေပြိုတာလို့ ပြောကြတာပဲ၊ ကျနော်တော့ ဒီနေ့မှရောက်တာပါ၊ မိုးရွာလို့ပြိုတာပါ"
ပြိုကျတဲ့ မြေစာပုံထဲမှာ ရေမဆေးကျောက်ရှာသူ ၂ဝ လောက် ပိတ်မိနေတယ်လို့ ခန့်မှန်းပြောနေကြပြီး ပိတ်မိနေသူတွေကို ရှာဖွေနေတယ်လို့ ဖားကန့်မြို့နယ် အုပ်ချုပ်ရေးမှူးရုံး တာဝန်ရှိသူတွေက ပြောပါတယ်။
ဖားကန့် ကျောက်စိမ်းတွင်းဒေသက ကုဋေမှော်၊ ကရင်ချောင်၊ နမ့်မှော်၊ ငိုးပင်းမှော်စတဲ့ ရွာအနီးအနား က ကျောက်စိမ်းလုပ်ကွက်တွေမှာ မကြာခဏမြေပြိုတာကြောင့် လူထိခိုက်သေဆုံးမှုတွေ ကြုံတွေ့နေရတာပါ။