မြေစာပုံပြိုကျမှုကြောင့် ပျောက်ဆုံးနေသူတွေကို ရှာဖွေနေဆဲ


2018.03.17
pharkant-landslide-622.jpg ဖားကန့်မြို့နယ် ဆိပ်မူအုပ်စု ကန်ခမ်စုပေါင်းစွန့်ပစ်မြေစာပုံ ပြိုကျတာကို ၂ဝ၁၈ ခုနှစ် မတ်လ ၁၇ ရက်နေ့က တွေ့ရစဉ်
Photo: PhyoKyawThu

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိပ်မူအုပ်စု ကန်ခမ်စုပေါင်းစွန့်ပစ်မြေစာပုံ မနေ့ညက ပြိုကျတာကြောင့် ရေမဆေးကျောက်ရှာနေသူ ၆ ဦးလောက်နဲ့ ကျောက်စိမ်းတောင် ကုမ္ပဏီရဲ့ မြေစာသယ်ယာဉ် ၂ စီး မြေစာပိပြီး နစ်မြုပ်ပျောက်ဆုံးနေပါတယ်။

ဒီကနေ့ မနက်ပိုင်းအထိ ပျောက်ဆုံးနေသူတွေကို စက်ယန္တရားတွေနဲ့ ရှာဖွေနေဆဲဖြစ်တယ်လို့ မြေစာပုံပြိုကျ တဲ့နေရာကို ကိုယ်တိုင်သွားရောက်ခဲ့တဲ့ ဆွတ်အောင်ရာရွာ အုပ်ချုပ်ရေးမှူး ဦးမြင့်ခိုင်က ပြောပါတယ်။

"အတိအကျတော့ မသိရသေးဘူးခင်ဗျ။ အခုမှ စိစစ်နေတုန်းရှိသေးတယ်။ ကုမ္ပဏီက ကား ၂ စီးကတော့ အဲဒီမြေစာခါးလယ်မှာတော့ အဲဒီလို ပြတ်ကျခဲ့တာ။ ကျနော်သိသလောက်ပေါ့နော်၊ လူ ၆ ယောက်လောက်နဲ့ ယန္တရားကတော့ ကား ၂ စီးပေါ့နော်။ မြေစာပုံမှာပဲ ကယ်ဖို့ရာ ပြုလုပ်နေကြတုန်း ရှိသေးတယ်"

အစိုးရဌာနဆိုင်ရာတွေ၊ လူမှုကူညီရေးအဖွဲ့တွေက ရှာဖွေကူညီရေးတွေ ဆောင်ရွက်နေကြပြီး မြေစာပုံထဲကို လူဦးရေ ဘယ်လောက်ပါသွားတယ်ဆိုတာကို စိစစ်ရှာဖွေနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။

မနေ့ည ၁၁ နာရီလောက်ကပြိုကျခဲ့တဲ့ အဲဒီ မြေစာပုံဟာ ၂၀၁၅ နိုဝင်ဘာလအတွင်းက လူ ၁ ရာကျော် မြေစာပိလို့ သေဆုံးခဲ့တဲ့ ကန်ခမ်စုပေါင်းစွန့်ပစ်မြေစာပုံဖြစ်ပါတယ်။

ဖားကန့် ကျောက်စိမ်းတွင်းနယ်မြေမှာ တစ်နိုင်ငံလုံးက လာရောက်ရွှေ့ပြောင်း လုပ်ကိုင်နေကြသူ စုစုပေါင်း ခန့်မှန်း ၂ သိန်းဝန်းကျင်ရှိပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။