ဖားကန့် လုပ်ကွက်တွေမှာ စက်ယန္တရား လေးထောင်ခန့် ရှိ


2015.12.27
pharkant-machin-620.jpg ကချင်ပြည်နယ် ဖားကန့်ဒေသ ကျောက်စိမ်းလုပ်ကွက်တွေမှာ အသုံးပြုနေတဲ့ စက်ယန္တရားတွေကို တွေ့ရစဉ်
Photo: Kyaw Myo Min/RFA

ကချင်ပြည်နယ် ဖားကန့်ကျောက်စိမ်းတွင်းလုပ်ကွက်တွေမှာ လည်ပတ်အသုံးပြုနေတဲ့ အခွန်ဆောင်ပြီး တူးဖော်ရေးယာဉ်၊ စက်ယန္တရား အရေအတွက် ဟာ လောလောဆယ် ဖားကန့်မြို့နယ်အုပ်ချုပ်ရေးအဖွဲ့က ရရှိထားတဲ့ စာရင်းတွေအရ စုစုပေါင်း အစီးရေ လေးထောင်ဝန်းကျင်ရှိပါတယ်။

အခုနှစ်ပွင့်လင်းရာသီအတွက် လက်ရှိအချိန်အထိ ယန္တရားအစီးရေ တစ်ထောင်ကျော် အခွန်ဆောင်ထားပြီး ဖားကန့်ကို အစီးရေ ခုနှစ်ရာကျော်ရောက် ရှိပြီးဖြစ်တယ်လို့ ဖားကန့်မြို့နယ်အုပ်ချုပ်ရေးရုံးရဲ့တာဝန်ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။

"၁ဝ၉၉ စီးအခွန်ဆောင်ထားတဲ့ဟာပေါ့နော်၊ ၂ဝ၁၅ ထဲမှာပဲ၊ ဖားကန့်ကိုဝင်တာကတော့ ၇၇၄ စီးပဲရှိသေးတယ်၊ ကျောက်စိမ်းတူးတဲ့လုပ်ငန်းကလဲ ပွင့်လင်း ရာသီပဲ လုပ်လို့ရတာလေ၊ ၂ဝ၁၅ မတိုင်ခင်က ယာဉ်ယန္တရားနဲ့ ပတ်သက်လို့ကတော့ သူတို့တင်ပြထားတာ စုစုပေါင်း မြေသယ်ယာဉ်ကြီးပဲက အစီး ၂ဝဝဝ လောက်ရှိတယ်၊ ဒါ ၂ဝ၁၅ မတိုင်ခင်က၊ အခုကတော့ ၂၆ဝဝ ကျော်လောက်ရှိသွားပြီ"

အခုရရှိထားတဲ့ ယန္တရားစုစုပေါင်း လေးထာင်ဝန်းကျင်ဟာ ကုမ္မဏီတွေက လာရောက် အသိပေးထားတဲ့ စာရင်းတွေသာဖြစ်ပြီး လာရောက်အကြောင်းကြားခြင်း မရှိတဲ့ ကုမ္ပဏီတွေလည်း ကျန်နိုင်သေးတယ် လို့ပြောပါတယ်။

ဒီနှစ်ရာသီအတွက် ဖားကန့်မှာရောက်ရှိနေတဲ့ စက်ယန္တရားအစီးရေ ခုနှစ်ရာကျော်ဟာ ဂျိတ်လင်း မြန် မာ၊ ခိုင်မြန်မာ၊ မြောက်ပိုင်းတော်ဝင်၊ ဧရာရတနာ စတဲ့ ကုမ္ပဏီ ၁၃ ခုရဲ့ တူးဖော်ရေးယန္တရားတွေ ဖြစ်တယ်လို့ သိရပါတယ်။

ဖားကန့်ဒေသဘက် စက်ယန္တရားသယ်ဆောင်နေတာနဲ့ ပတ်သက်ပြီး အခုလ ၂၂ ရက်နေ့က အစိုးရ တာဝန်ရှိသူတွေဟာ ကုမ္ပဏီလုပ်ကွက်တွေထဲသွားရောက် စစ်ဆေးခဲ့ပါတယ်။ ဖားကန့်ဒေသဘက် စက်ယန္တရားတွေ တရားဝင်တင်သွင်းတာ ဟုတ်မဟုတ်ကို ဖြစ်စဉ်အမှန်ပေါ်ပေါက်ဖို့ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်း ဦးဆောင်တဲ့ စစ်ဆေးရေးအဖွဲ့က အခုလ ၂၀ ကနေ ၂၂ ရက်နေ့အထိ မြစ်ကြီးနားနဲ့ တရုတ်-မြန်မာနယ်စပ် ကန်ပိုက်တီး နယ်စပ်ကုန်သွယ်ရေးစခန်းတွေကို သွားရောက်ပြီး စစ်ဆေးခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။