လက်နက်ကြီး ပစ်ခတ်မှုသံကြောင့် ဖားကန့်အထက်တန်းကျောင်း ပိတ်လိုက်ရ
ကချင်ပြည်နယ် ဖားကန့်မြို့ စစ်ဗျူဟာကုန်းနဲ့ ကေအိုင်အေ တပ်တွေ အခြေစိုက်တဲ့ လမောင်ကုန်း နဲ့ မှော်မောင်းကုန်း ပတ်ဝန်းကျင်တွေ ဘက်ကနေ ဒီကနေ့ မနက်ပိုင်း ၁၀နာရီခွဲလောက်က လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်သံအချို့ကို ကြားပြီးနောက်ပိုင်း နေ့လည်ပိုင်းကနေစပြီး ဖားကန့် အထက်တန်းကျောင်းကို ပိတ်လိုက်ရတယ်လို့ စုံစမ်းသိရှိရပါတယ်။
-
2013-01-15 -
-
-
ဖားကန့်အထက်တန်းကျာင်းဟာ ဗျူဟာကုန်းအနီးမှာ ရှိတဲ့အတွက် သက်ဆိုင်ရာ ဆရာ၊ ဆရာမတွေ ကျောင်းသူ၊ ကျောင်းသားတွေ လုံခြုံရေးအတွက် စိုးရိမ်ပြီး ပိတ်လိုက်တာလို့ လက်ရှိအခြေအနေတွေနဲ့ ပတ်သက်ပြီး ဖားကန့်မြို့နယ် NLD ပါတီက ဦးဟန်မြင့်က RFA ကို အခုလိုပြောပါတယ်။
" မနက်ကလက်နက်ကြီးသံတွေ ကြားလို့ စာသင်ကျောင်းတွေကို နေ့လည်ကပဲပိတ်လိုက်ပါတယ်၊ ဗျူဟာကုန်းနဲ့လည်းနီးတယ်လေ၊ ပြည်သူလူထုတွေ စိတ်ချမ်းချမ်းသာသာစားနိုင် သောက်နိုင်အောင် ကျွန်တော်တို့ကတော့ ငြိမ်းချမ်းရေး အမြန်ရချင်တယ်"
အစိုးရတပ်တွေ အခြေစိုက်တဲ့ ဖားကန့်ဗျူဟာကုန်းနဲ့ မျောက်ဖြူရွာတွေကနေ ဖားကန့်မြို့ရဲ့ မြောက်ဘက်နဲ့ အရှေ့မြောက်ဘက် ၁ မိုင်ကနေ ၄ မိုင်အကွာအဝေးမှာရှိတဲ့ ကေအိုင်အေတပ်တွေ အခြေစိုက်ရာ လမောင်ကုန်း၊ မှော်မောင်းလျန်၊ ဆိုင်းဂျာဘွမ်၊ ဗလခ၊ မှော်မောင်းကုန်းစတဲ့ ရွာတွေဘက်မှာ အပြန်အလှန် ပစ်ခတ်တိုက်ခိုက်သံအချို့ကို ဒီကနေ့မနက်ပိုင်းမှာ ကြားရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။