အမေရိကန်ရောက် ၉၀ ရွေးကောက်ပွဲ လွှတ်တော်အမတ် မြန်မာနိုင်ငံပြန်

၁၉၉၀ ခုနှစ် ရွေးကောက်ပွဲမှာ ပြင်ဦးလွင် မဲဆန္ဒနယ်အမှတ်-၂ ကနေ တသီးပုဂ္ဂလ လွှတ်တော် ကိုယ်စားလှယ် အဖြစ် ရွေးချယ် တင်မြှောက် ခံခဲ့ရတဲ့ ဦးပီတာလင်းပင်ဟာ မနေ့က မြန်မာနိုင်ငံကို ပြန်သွားတယ်လို့ သိရပါတယ်။

၂၀၁၁ ခုနှစ် မတ်လ ၅ ရက် ၆ ရက် က အမေရိကန်ပြည်ထောင်စု၊ အင်ဒီရားနားပြည်နယ်၊ ဖို့တ်ဝိန်းမြို့တွင် ကျင်းပသည့် မြန်မာ့ဒီမိုကရက်တစ် အင်အားစုများ ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည့် ဦးပီတာလင်းပင် (ယာ) ကို တွေ့မြင်ရစဉ်။ Photo: Burma Today Burma Today

သူဟာ ထိုင်း၊ အမေရိကန် စတဲ့ ပြည်ပနိုင်ငံတွေမှာ မြန်မာ့ ဒီမိုကရေစီရေးအတွက် ၂၁ နှစ် ကြိုးပမ်း ဆောင်ရွက် ခဲ့ပြီး၊ ဦးသိန်းစိန် အစိုးရရဲ့ ကမ်းလှမ်းချက် နောက်ပိုင်း မြန်မာနိုင်ငံကို ပထမဆုံး ပြန်သွားတဲ့ ၁၉၉၀ ခုနှစ် အနိုင်ရ လွှတ်တော် အမတ်လည်း ဖြစ်ပါတယ်။

ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးသိန်းစိန် အစိုးရတို့အကြား နိုင်ငံရေးအရ တွေ့ဆုံမှုတွေကို ထောက်ခံကြိုဆိုပြီး၊ ကူညီ ဆောင်ရွက်လိုတဲ့ အတွက် မြန်မာနိုင်ငံကို ပြန်လာခဲ့တာ ဖြစ်ကြောင်း ဦးပီတာလင်းပင် က RFA ကို ပြောပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်နဲ့ လက်ရှိ အစိုးရ သမ္မတကြီးတို့ရဲ့ လုပ်ဆောင်ချက်တွေဟာ မြန်မာနိုင်ငံရဲ့ အမျိုးသား ရင်ကြားစေ့ရေးဟာ လုံးဝ လမ်းစ ပွင့်ပြီဆိုတာ ယုံကြည်တဲ့ အတွက်ကို ကြိုဆိုခဲ့တယ်။ လက်တွေ့ပြချင်တဲ့ အနေနဲ့ ကျနော် မြန်မာပြည် ပြန်လာချင်တယ်၊ လုပ်ငန်းဆောင်တာတွေ လုပ်ဆောင်ချင်တယ် ဆိုတာကို သံအမတ်ကြီးက တင်ပေးပါတယ်။ နောက် သုံးလေးရက် နေတဲ့ အခါမှာ သမ္မတကြီး ကိုယ်တိုင်က ကျတော်ရဲ့ တင်ပြချက်ကို လက်ခံကြောင်း ပြောပါတယ်”

ဦးပီတာလင်းပင်ဟာ ပြည်ပအခြေစိုက် NCGUB အဝေးရောက် မြန်မာနိုင်ငံ အမျိုးသား ညွန့်ပေါင်း အစိုးရအဖွဲ့ဝင် ဝန်ကြီးဟောင်း တစ်ဦးလည်း ဖြစ်ပါတယ်။ သူမြန်မာနိုင်ငံကို ပြန်ဖို့အတွက် နယူးယောက်မြို့ မြန်မာ သံအမတ်ကြီး ဦးသန်းဆွေက ကူညီ ဆောင်ရွက် ပေးခဲ့တယ်လို့ ပြောပါတယ်။

ဦးပီတာလင်းပင် မြန်မာနိုင်ငံ ပြန်သွားတဲ့ ကိစ္စနဲ့ ပတ်သက်လို့ NCGUB အဝေးရောက် မြန်မာနိုင်ငံအမျိုးသား ညွန့်ပေါင်း အစိုးရအဖွဲ့ နိုင်ငံခြားရေးဝန်ကြီး ဦးဘိုလှတင့်က NCGUB ရဲ့ သဘောထားကို အခုလို ပြောပါတယ်။

“ဒါကတော့ ဦးပီတာလင်းပင်ရဲ့ ဒီကနေ့ သမ္မတကြီး ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည် တို့ကြားထဲက ဖြစ်ပေါ် တိုးတက်မှုတွေက အကောင်းဘက်ကို ဦးတည်နေတယ်လို့ သူယုံကြည်လို့ ပြန်သွားတယ်လို့ ကျနော်တို့ ယူဆပါတယ်။ ဒါက လက်ရှိ အခြေအနေတွေဟာ တကယ်ပဲ အကောင်းဘက်ကို ဦးတည် နေသလား ဆိုတာကို စမ်းသပ်တာလည်း ဖြစ်နိုင်ပါတယ် ခင်ဗျ”

၁၉၉၀ ခုနှစ် အနိုင်ရ လွှတ်တော် ကိုယ်စားလှယ် ဦးပီတာလင်းပင်နဲ့ RFA ဆက်သွယ်မေးမြန်းချက် အပြည့်အစုံကို တဆက်ထဲ နားဆင်နိုင်ပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org