စစ်ကောင်စီက အင်အားသုံးရှာဖွေနေလို့ ကနီမှာ ပြည်သူ ၁၅၀၀ ကျော် ရှောင်တိမ်းနေရ

၂၀၂၁၊ မတ် ၂၇ ရက်နေ့က စစ်ကိုင်းတိုင်း၊ ကနီမြို့နယ် ပြည်သူတွေ စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြခဲ့ကြစဉ်
၂၀၂၁၊ မတ် ၂၇ ရက်နေ့က စစ်ကိုင်းတိုင်း၊ ကနီမြို့နယ် ပြည်သူတွေ စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြခဲ့ကြစဉ် (Photo: Citizen Journalist)

ဧပြီ ၂၆ ရက်၊ ဒီနေ့ စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ကား ၂၄ စီးနဲ့ အင်အား ၅၀၀ လောက် အင်အားအလုံးအရင်းနဲ့ ဝင်ရောက်ရှာဖွေနေလို့ ကျေးရွာ (၇) ရွာလောက်က ပြည်သူ ၁၅၀၀ ကျော်လောက်ဟာ နေအိမ်တွေကနေ ရှောင်တိမ်းနေရတယ်လို့ သိရပါတယ်။

မင်းမ၊ သမင်ခြံ၊ ပုဌော၊ တဇယ်ချောင်၊ မင်းကုန်း၊ ငါးဖျက်နဲ့ ရှမ်းမြောင်းကျေးရွာတွေမှာ စစ်ကောင်စီတပ်တွေ ဝင်ရောက်နေပြီး ကျေးရွာတွေက နေအိမ်တွေကို ဝင်ရောက်ကာ ဆိုင်ကယ်တွေ ယူဆောင်တာ၊ ကြက်၊ ဝက်တွေ သတ်ဖြတ်စားသောက်တာ၊ ဆန်အိတ်တွေ ယူဆောင်တာတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

"စစ်ကောင်စီတပ်တွေက ဧပြီ ၂၄ ရက်နေ့က ရွာတွေကို ဒရုန်းတွေနဲ့ ကြည့်တယ်။ အဲဒီနောက် ပြည်သူ့တပ် တွေ ရှိမယ်ထင်တဲ့နေရာတွေကို ရောက်လာကြတာပဲ၊ အခု ပြည်သူ့တပ်တွေကို စစ်ကောင်စီက တောနင်း ရှာနေကြပြီ။ ကျနော်တို့ ကနီနယ် တစ်ခုတည်းတင်မဟုတ်ဘဲ ဒေသအစုံက တော်လှန်ထကြွစေချင်တယ်။"

ကနီမြို့နယ်ဟာ စစ်ကောင်စီတပ်ကို တူမီးသေနတ်တွေနဲ့ ပြန်လည်ခုခံတဲ့ ဒေသဖြစ်တဲ့အတွက် စစ်ကောင်စီ တပ်တွေဟာ အဲဒီဘက်ဒေသတွေကို နေ့စဉ် ဝင်ရောက်ပစ်ခတ်နေတာဖြစ်ပါတယ်။