တိုင်းရင်းသားပါတီတွေနဲ့ မဟာမိတ်ဆက်ဆံရေးထားရှိမယ်လို့ ဦးကိုကိုကြီး ပြော


2018.11.18
kokogyi-people-party-622.jpg ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်က ယုဇနတာဝါမှာရှိတဲ့ ပြည်သူ့ပါတီရုံးချုပ် ဖွင့်ပွဲမှာ ပါတီ ဥက္ကဋ္ဌ ဦးကိုကိုကြီး ကို ၂ဝ၁၈ ခုနှစ် နိုဝင်ဘာလ ၁၈ ရက်နေ့က တွေ့ရစဉ်
Photo: Kyaw Lwin Oo/RFA

ရှစ်ဆယ့်ရှစ်မျိုးဆက် ကျောင်းသားတွေနဲ့ ဖွဲ့စည်းထားတဲ့ ပြည်သူ့ပါတီအနေနဲ့ တိုင်းရင်းသား နိုင်ငံရေးပါတီတွေနဲ့ မဟာမိတ်ဆက်ဆံရေးထားရှိဆောင်ရွက်သွားမယ်လို့ ပါတီ ဥက္ကဋ္ဌ ဦးကိုကိုကြီးက ပြောလိုက်ပါတယ်။

ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်က ယုဇနတာဝါမှာရှိတဲ့ ပြည်သူ့ပါတီရုံးချုပ်ကို ဒီနေ့စတင်ဖွင့်လှစ်ရာမှာ ဦးကိုကိုကြီးနဲ့ ပါတီခေါင်းဆောင်တွေက သတင်းမီဒီယာတွေကို ပြောကြားခဲ့တာဖြစ်ပါတယ်။

ပြည်သူ့ပါတီအနေနဲ့ တိုင်းရင်းသားတန်းတူညီမျှရေးနဲ့ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးကိစ္စ အပါအဝင် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့ ကိစ္စတွေကို အလေးပေးဆောင်ရွက်သွားမယ်လို့ ပါတီ ဥက္ကဋ္ဌ ဦးကိုကိုကြီးက ပြောပါတယ်။

"၁ အချက် ပြည်သူပါတီဟာ နိုင်ငံသားတိုင်း လူမျိုးမရွေး ဘာသာမရွေး ကျား၊ မ မရွေး အဆင့်အတန်းမရွေး တန်းတူညီမျှမှုကို အခြေခံမူအဖြစ်နဲ့ ခံယူပါတယ်၊ နောက်တစ်ခုက တိုင်းရင်းသား တန်းတူညီမျှရေးနဲ့ ဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ရေးဟာ ပါတီက တိုင်းရင်းသားများနဲ့ ပတ်သက်တဲ့ အခြေခံမူဖြစ်ပါတယ်၊ နောက်ကျန်တာတွေကတော့ အလုပ်သမားအခွင့်အရေး၊ လယ်သမားအခွင့်အရေး၊ လူငယ်နဲ့ ပတ်သက်တဲ့ဟာတွေလည်း ပါတီရဲ့ မူဝါဒတွေအနေနဲ့ ထည့်သွင်းဖော်ပြထားတာဖြစ်ပါတယ်၊ စီးပွားရေးနဲ့ ပတ်သက်ပြီး ရေရှည်ဖွံ့ဖြိုးတိုးတက်ပြီး မျှတမှုကို ဖော်ဆောင်ဖို့ဆိုတာတွေက ပါတီရဲ့ မူဝါဒတွေဖြစ်ပါတယ်"

ဒါကြောင့် ပြည်သူ့ပါတီရုံးခန်းတွေကို ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေမှာ မကြာခင်တိုးချဲ့ဖွင့်လှစ်သွားမှာဖြစ်ပြီး ပြည်သူတွေရဲ့ အခက်အခဲတွေကို တင်ပြလာရင် ကူညီဖြေရှင်းပေးသွားဖို့ စီစဉ်ထားတယ်လို့လည်း ပြောပါတယ်။

ပြည်သူ့ပါတီ ဒုဥက္ကဋ္ဌ ဖြစ်တဲ့ ဦးမင်းဇေယျာကတော့ တိုင်းရင်းသားနိုင်ငံရေးပါတီတွေနဲ့ မဟာမိတ်ဆက်ဆံရေးထားရှိသွားမှာဖြစ်ပြီး ပုံစံ ၂ မျိုးနဲ့ ဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။

"တိုင်းရင်းသား တန်းတူ မဟာမိတ်ဆက်ဆံရေးကို ခိုင်ခိုင်မာမာတည်ဆောက်နိုင်မှ တိုင်းရင်းသား အချင်းချင်း ယုံကြည်မှုတွေ၊ တိုင်းရင်းသားအချင်းချင်း ချစ်ကြည်မှုတွေ၊ နောက်ပြီးတော့ ငြိမ်းချမ်းရေးကို ဆောင်ရွက်တဲ့အခါမှာလည်း ပီပြင်သော ထိရောက်သော လုပ်ရပ်တွေ ပေါ်လာမယ်လို့ ကျနော်က မြင်တယ်၊ ဒါကြောင့် မဟာမိတ်ဆက်ဆံရေးကို လူကြားကောင်းအောင် ပြောတာမျိုးမဟုတ်ဘဲနဲ့ တကယ့်စစ်မှန်တဲ့ မဟာမိတ်ဆက်ဆံရေးကို ကျနော်တို့ပါတီက တည်ဆောက်နိုင်အောင် ကြိုးစားမယ်လို့ ကျနော်တို့ရည်ရွယ်ထားပါတယ်"

ဦးကိုကိုကြီးကလည်း အဲ့ဒီလို တိုင်းရင်းသားပါတီတွေနဲ့ မဟာမိတ်ဆက်ဆံရေးထားရှိရာမှာ အပိုင်း ၃ ပိုင်းခွဲခြားထားပြီး မူဝါဒတူတဲ့ကိစ္စတွေကို ပူးပေါင်းဆောင်ရွက်သွားမယ့်ကိစ္စ၊ ရွေးကောက်ပွဲ ကာလမှာလည်း မဟာမိတ်ဖွဲ့စည်းထားတဲ့ ပါတီတွေအကြား ဘယ်လိုညှိနှိုင်း ဝင်ရောက်ယှဉ်ပြိုင်မလည်းဆိုတာတွေနဲ့ ရွေးကောက်ပွဲအပြီး လွှတ်တော်တွင်းမှာ လွှတ်တော်ကိုယ်စားလှယ်အချင်းချင်း တူညီတဲ့ကိစ္စတွေကို ပူးပေါင်းဆောင်ရွက်သွားဖို့တွေကို ရည်ရွယ်ထားကြောင်း ပြောပါတယ်။

ဒီနေ့ကျင်းပတဲ့ ပြည်သူ့ပါတီ ရုံးချုပ်ဖွင့်ပွဲအခမ်းအနားကို ရှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်အပါအဝင် တိုင်းရင်းသားနိုင်ငံရေး ပါတီတွေက ခေါင်းဆောင်တွေ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD က ခေါင်းဆောင်တွေနဲ့ ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်လည်း တက်ရောက်ခဲ့ကြပါတယ်။

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးစိုင်းညွန့်လွင်က တိုင်းရင်းသားပါတီတွေဟာ ပြည်မအခြေစိုက်နိုင်ငံရေးပါတီတွေနဲ့ ညှိနှိုင်းဆောင်ရွက်မှုတွေနည်းပြီး အသစ်တည်ထောင်လိုက်တဲ့ ပြည်သူ့ပါတီနဲ့တော့ ညှိနှိုင်းဆောင်ရွက်မှုတွေဆောင်ရွက်တာတွေ ရှိလာနိုင်ကြောင်း ပြောပါတယ်။

"ကျနော်တို့ တိုင်းရင်းသားတွေကလည်း ဘာဖြစ်လာလည်းဆိုတော့ ပြည်မက ပါတီကြီးတွေနဲ့ ချိတ်ဆက်ဆောင်ရွက်တာ တအားနည်းခဲ့တယ်၊ ဒီတစ်ခေါက်တော့ ကျောင်းသားခေါင်းဆောင် ဟောင်းတွေပေါ့နော်၊ ဒီနေ့မှာ ပါတီခေါင်းဆောင်တွေဖြစ်လာတဲ့ လူငယ်တွေနဲ့ လက်တွဲလုပ်ဆောင်နိုင်လိမ့်မယ်လို့ ယူဆရတာပေါ့နော်၊ ပုဂ္ဂိုလ်ရေးအရတော့ အများကြီးပြောထားတာတော့ရှိပါတယ်၊ ဒီပွဲပြီးတဲ့ နောက်ပိုင်းမှာတော့ ပါတီတစ်ခုနဲ့ တစ်ခုနဲ့ တွေ့ပြီးတော့ ပြောတာတွေက အများကြီးရှိလာမှာပါ"

ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်ကတော့ ပြည်သူ့ပါတီကခေါင်းဆောင်တွေဟာ ဒီမိုကရေစီ အရေးတော်ပုံကာလမှ ဖမ်းဆီးထောင်ချခံခဲ့ရသူတွေဖြစ်တာကြောင့် ပါတီရဲ့မူဝါဒတွေထဲမှာ အာဃာတ အမုန်းတရားတွေ မလွှမ်းမိုးဖို့ သတိထားစေချင်တယ်လို့ ပြောပါတယ်။

"အဓိကကတော့ဗျာ သူတို့က ၈၈ ထဲက ပြည်သူ့အသံနဲ့ မကင်းကွာခဲ့ဘူး၊ နောက်တစ်ခါ ဖြတ်သန်းခဲ့တဲ့ သမိုင်းမှာ သင်ခန်းစာတွေလည်းရခဲ့တယ် ယုံကြည်ချက်တွေလည်း ခိုင်ခိုင်မာမာရှိခဲ့တယ်၊ ဒါတွေကသူတို့ရဲ့ အားသာချက်တွေပေါ့၊ တစ်ခုက သူတို့က ပင်ပန်းဆင်းရဲမှုတွေ၊ ညှဉ်းပန်းနှိပ်စက်မှုတွေ အကျဉ်းကျမှုတွေနဲ့ ကြုံခဲ့တဲ့ အတွက်ကြောင့်မို့ အဲဒီအာဃာတ တရားတွေက ပါတီရဲ့ မူဝါဒအပေါ်မှာ လွှမ်းမိုးမသွားဖို့ပဲ ပြောချင်ပါတယ်၊ အခုချိန်အထိကတော့ ပါတီရဲ့ ဥက္ကဋ္ဌ ဦးကိုကိုကြီးရော ပါတီခေါင်းဆောင်တွေပြောနေတဲ့ အထဲမှာတော့ သိပ်မတွေ့ရဘူးပေါ့၊ သို့သော် ပါတီက အင်အားကြီးလာတဲ့အခါမှာ လှုပ်ရှားမှုများလာတဲ့အခါမှာတော့ ဒီစိတ်မျိုးတွေ ပြန်ဝင်လာမှာတော့ ကျနော် စိုးရိမ်တယ်"

ဒါ့အပြင် မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံတကာသံရုံးတွေဖြစ်တဲ့ ဂျပန်၊ တရုတ်၊ ကိုရီးယားနဲ့ ရုရှားအပါအဝင် သံရုံး ၁၁ ခုက သံအမတ်တွေနဲ့ တာဝန်ရှိသူတွေလည်း ပါတီရုံးချုပ်ဖွင့်ပွဲကို တက်ရောက်ခဲ့ကြပါတယ်။

ပြည်သူ့ပါတီမှာ ရှစ်လေးလုံးအရေးတော်ပုံမှာ ဦးဆောင်ပါဝင်ခဲ့တဲ့ ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီးက ဥက္ကဋ္ဌ၊ ဦးမင်းဇေယျက ဒုဥက္ကဋ္ဌ၊ ဦးရဲနိုင်အောင် (ကိုဝ)က အထွေထွေအတွင်းရေးမှူးနဲ့ ကိုမာကီးနဲ့ ဦးကျော်ကျော်စိုးတို့က တွဲဖက်အထွေထွေ အတွင်းရေးမှူးတွေအဖြစ် ဆောင်ရွက်ကြမှာဖြစ်ပါတယ်ခင်ဗျာ။

ဒီသတင်းကို RFA သတင်းထောက် ကိုကျော်ထွန်းနိုင်နဲ့ ကိုကျော်လွင်ဦး ပေးပို့တာပါ။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။