လူနဲ့ဆိုင်ကယ်တွေ အဖမ်းခံရပြီးနောက် ပိုက်ဆံနဲ့ ပြန်ရွေးခဲ့ရ

တနင်္သာရီတိုင်း လောင်းလုံမြို့နယ်ထဲမှာ ရွာသားနှစ်ယောက်နဲ့ ဆိုင်ကယ် ငါးစီးကို စစ်ကောင်စီ တပ်ဖွဲ့ဝင် တွေက ဖမ်းဆီးပြီး လူတစ်ယောက် သုံးသိန်း ဆိုင်ကယ်တစ်စီး တစ်သိန်းနဲ့ ပြန်ရွေးခိုင်းခဲ့တယ်လို့ အဖမ်း ခံရသူတစ်ဦးရဲ့ မိသားစုနဲ့ နီးစပ်သူတွေက ပြောပါတယ်။
ဒီဇင်ဘာ ၁၁ ရက် မနေ့ညပိုင်းက လောင်းလုံမြို့နယ် ဒက်ငယ်ထန် ရွာသားနှစ်ယောက်ဟာ ဆိုင်ကယ် နဲ့အတူ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ဖမ်းဆီးတာခံခဲ့ရပြီး ပိုက်ဆံနဲ့ပြန်ရွေးခဲ့ရတယ်လို့ မိသားစုဝင်တွေနဲ့ နီးစပ်သူ တစ်ဦးက RFA ကို ပြောပါတယ်။
" ညက လူငယ်နှစ်ယောက်ကို ဖမ်းသွားပြီးတော့ သူတို့ ပိုက်ဆံနဲ့ လာရွေးခိုင်းတယ်ဗျ အခု မနက်ကျတော့ ကောင်လေးနှစ်ယောက်ကို ပိုက်ဆံနဲ့ ရွေးပြီးပြီဗျ "
လောင်းလုံမြို့နယ် ဒက်ငယ်ထန်ရွာက ရွာသားနှစ်ယောက်ကို ဆိုင်ကယ်တစ်စီးအတူ ဖမ်းဆီးပြီး အောက်ရေဖြူရွာက ဆိုင်ကယ်လေးစီးကိုပါ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးခဲ့တယ်လို့ ပြောပါတယ်။
ဖုန်းထဲမှာ နိုင်ငံရေးနဲ့ သက်ဆိုင်တဲ့ အကြောင်းအရာတွေကို တွေ့တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ရိုက်နှက် တာတွေ ခံခဲ့ရတယ်လို့လည်း ပြောပါတယ်။
အဖမ်းခံထားရတဲ့ လူနှစ်ယောက်နဲ့ ဆိုင်ကယ် ငါးစီးစလုံး ပြန်ရွေးနိုင်ခဲ့ပြီး သူတို့ဖမ်းချင်တဲ့သူတွေ မဟုတ်လို့ ဒီအတိုင်းတော့ ပြန်မလွှတ်ပေးဘဲ ပိုက်ဆံနဲ့ ပြန်ရွေးခိုင်းတဲ့ ပုံစံမျိုးလို့လည်း ဒေသခံတွေက ပြောပါတယ်။
အဲဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး RFA က သီးခြား အတည်မပြုနိုင်သေးသလို စစ်ကောင်စီ ပြန်ကြားရေး ဒု-ဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်းကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားနေပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အားဆယ်ယောက်လောက်ဟာ ဂေါအင်းရွာထဲမှာ တပ်စွဲထားပြီး အနီးနားက ရွာတွေထဲ မကြာမကြာ ဝင်ရောက်ဖမ်းဆီးတာတွေ လုပ်နေတာလို့ ပြောပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ လလယ်လောက်က ဂေါအင်းရွာမှာ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေနဲ့ ဒေသခံပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ PDF တွေ တိုက်ပွဲဖြစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။