ပညာရေး၊ လယ်ယာမြေ အရေး ပြည်သူ့ဖိုရမ် မှာ ဆွေးနွေးမည်
2015.03.30
မြန်မာနိုင်ငံရဲ့ ပညာရေး၊ ငြိမ်းချမ်းရေးနဲ့ လယ်ယာမြေအရေးကိစ္စတွေကို သုံးရက်ကြာဆွေးနွေးကြ မယ့် ပြည်သူ့ဖိုရမ်ဆွေးနွေးပွဲတစ်ရပ်ကို စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့နယ် မြို့တော်ခန်းမမှာ ဒီကနေ့ စတင်ဖွင့်လှစ်ကျင်းပပါတယ်။
အမျိုးသားပညာရေးကို သပိတ်မှောက်နေကြတဲ့ ကျောင်းသားသပိတ်စစ်ကြောင်းတွေနဲ့ ပတ်သက်ပြီး ပညာရေးလွတ်လပ်ခွင့်နဲ့ ကျောင်းသားအခွင့်အရေးဆိုတဲ့ ခေါင်းစဉ်အောက်မှာ ပါဝင်ဆွေးနွေးမှာဖြစ်တယ်လို့ ဒီမိုကရေစီပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီအဖွဲ့ဝင် ကိုဝေမိုးနိုင်က ပြောပါတယ်။
"ပညာရေးလွပ်လပ်ခွင့်နဲ့ ကျောင်းသားအခွင့်အရေးအတွက်ကို ကျောင်းသူကျောင်းသားတွေရဲ့ လှုပ်ရှားမှုလုပ်ရတဲ့ ရည်ရွယ်ချက်ကို ရှင်းပြပေးဖို့တော့ ဖိတ်ခေါ်ထားတာရှိပါတယ်၊ အစိုးရက လိုအပ်တာထက် ပိုပြီးအင်အားသုံး ပြီးတော့ ဖြိုခွင်းတယ်၊ နောက်တစ်ချက်က ရိုက်နှက်ဖမ်းဆီးတဲ့ ရဲတွေမှာ ပုံမှန်အသိစိတ်မှရှိရဲ့လားဆိုတာကို သံသယရှိစရာဖြစ်လောက်အောင်ကို လွန်လွန်ကျူးကျူး ရိုက်နှက်ဖြိုခွင်းတာတွေရှိတယ်၊ ဒီအနေအထားတွေအပေါ် ကျနော်တို့ ကျောင်းသူကျောင်းသားတွေကတင် လက်မခံတာမဟုတ်ဘဲနဲ့ ပြည်သူ့ဖိုရမ်ကို တက်လာတဲ့ အရပ် ဘက်အဖွဲ့အစည်းတွေ နောက်လူထုကိုယ်စားလှယ်တွေကပါ ဒါနဲ့ပတ်သက်ပြီးတော့ သူတို့ တိုင်းဒေသကြီး အစိုးရကို ဘာတွေတောင်းဆိုချင်လဲ၊ အရပ်ဘက်အဖွဲ့အစည်းတွေက ကျောင်းသားတွေနဲ့ ပူးပေါင်းပြီး သူတို့ဘက်ကရော ဘာလုပ်ပေးနိုင်မလဲ၊ ဒါတွေကို ဆွေးနွေးသွားနိုင်အောင် မနက်ဖြန်ကြိုးစားသွားပါမယ်"
အဲဒီဆွေးနွေးပွဲကို ဒီနေ့ကစပြီး လာမယ့် ဧပြီလ ၁ ရက်နေ့အထိ ၃ ရက်ကြာကျင်းပမှာဖြစ်ပါတယ်။
ရရှိလာတဲ့အကြံပြုချက်တွေကို ကြေညာချက်တစ်စောင်ထုတ်ပြန်မှာဖြစ်ပြီး စစ်ကိုင်းတိုင်းဒေသကြီးအစိုးရ နဲ့ ပြည်ထောင်စုအစိုးရထံ တင်ပြသွားမယ်လို့လည်းသိရပါတယ်။
ပြည်သူ့ဖိုရမ် ဖြစ်မြောက်ရေးစီစဉ်သူ ကိုကျော်မိုးလှိုင်ကို RFA သတင်းထောက် မဝေမာထွန်းက ဆက်သွယ်မေးမြန်းထားပါတယ်။