ကယားပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ လူသားချင်းစာနာမှုဆိုင်ရာ အခက်အခဲတွေနဲ့ လုံခြုံရေး အခြေအနေ တွေဟာ ဆိုးဆိုးဝါးဝါးနဲ့ မြန်မြန်ဆန်ဆန်ဖြစ်ပျက်နေတာကြောင့် စိုးရိမ်နေတယ်လို့ ကုလသမဂ္ဂက မနေ့ကပဲ ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။
လုံခြုံရေးတပ်ဖွဲ့တွေက အရပ်သားတွေ နေထိုင်တဲ့နေရာတွေကို ခွဲခြားမနေဘဲ သိမ်းကြုံးတိုက်ခိုက်တာတွေ လုပ်နေတာတွေ မကြာခင်က ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေကြောင့် ဒေသခံလူဦးရေ တစ်သိန်းလောက် နေရပ်စွန့်ခွာထွက်ပြေးနေရတယ်လို့ ဆိုပါတယ်။ အများစုက ကယားပြည်နယ်နဲ့ ထိစပ်နေတဲ့ ရှမ်းပြည် တောင်ပိုင်းက လုံခြုံတဲ့နေရာတချို့နဲ့ သစ်တောတွေထဲမှာ ခိုလှုံနေကြရတယ်။ ဒီအခြေအနေဟာ နယ်စပ် ဖြတ်ကျော် ထွက်ပြေးခိုလှုံတဲ့အထိ တွန်းပို့သွားနိုင်တယ်လို့ ကုလသမဂ္ဂက ဆိုပါတယ်။
ပဋိပက္ခမှာ ပါဝင်ပတ်သက်သူတွေအားလုံးက အရပ်သားတွေ အရပ်သားတွေနဲ့ သက်ဆိုင်တဲ့ အခြေခံ အဆောက်အအုံတွေ၊ အထူးသဖြင့် ဆေးကုသတဲ့နေရာတွေ ကျန်းမာရေးဝန်ထမ်းတွေကို အကာအကွယ်ပေးဖို့၊ အရပ်သားတွေကို ပစ်မှတ်ထားပြီး မတိုက်ခိုက်ဖို့ဆိုတဲ့ အခြေခံမူတွေကို လိုက်နာကြဖို့ ကုလသမဂ္ဂက ထပ်ပြီး တောင်းဆိုပါတယ်လို့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။
ဒုက္ခသည်တွေကို အကူအညီပေးဖို့ ကုလသမဂ္ဂနဲ့ မိတ်ဖက်အဖွဲ့အစည်းတွေက အဆင်သင့်ဖြစ်နေပေမယ့် လည်း ကယားပြည်နယ်အတွင်း လုံခြုံရေးချထားတာတွေ၊ အသွားအလာကန့်သတ်ထားတာတွေကြောင့် အကူအညီပေးဖို့ အခက်ကြုံနေရ တယ်လို့ဆိုပါတယ်။ အဲဒါကြောင့် အကူအညီတွေကို ဒုက္ခသည်တွေဆီကို သွားရောက်ပေးခွင့်ပြုဖို့ လုံခြုံရေးတပ်ဖွဲ့တွေကို တောင်းဆိုပါတယ်လို့ မနေ့ကထုတ်ပြန်တဲ့ ကုလသမဂ္ဂက ထုတ်ပြန်တဲ့ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။