ဗစ်တိုးရီးယား နာမည်ရင်းထုတ်ဖော်မှု ရဲတပ်ဖွဲ့ ဝေဖန်ခံနေရ
2019.12.20

ဒီဇင်ဘာလ ၁၉ ရက် မနေ့က နေပြည်တော် ပြည်ထဲရေးဝန်ကြီးဌာနရုံးမှာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အားလုံးက လျှို့ဝှက်ထားတဲ့ လိင်အကြမ်းဖက်ခံရတဲ့ ကလေးငယ် ဗစ်တိုးရီးယားရဲ့ နာမည်၊ မိဘနာမည်၊ အလုပ်အကိုင်နဲ့ နေရပ်လိပ်စာတွေကို ရဲမှူးချုပ် စိုးနိုင်ဦးနဲ့ ရဲမှူးကြီး သာထွန်းတို့က ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
အဲဒီ သတင်းစာရှင်းလင်းပွဲကို ရဲဇာနည် Facebook လူမှုကွန်ရက်မှာလည်း Live ထုတ်လွှင့်ပြသခဲ့သလို ကလေးငယ် ဗစ်တိုးရီးယား လိင်အကြမ်းဖက်ခံရမှုဖြစ်စဉ် အမှုအခင်းဆိုင်ရာ စာရွက်စာတမ်းတွေလည်း ထုတ်ပြန်ခဲ့ပါတယ်။
ပြည်သူ့လွှတ်တော် အမျိုးသမီးနဲ့ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာ ခင်စိုးစိုးကြည်ကတော့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဟာ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေကို မသိတာ မဖြစ်နိုင်ဘူးလို့ ယူဆကြောင်းနဲ့ ဗစ်တိုးရီးယားနဲ့ မိသားစုရဲ့ ထိခိုက်နစ်နာမှုတွေ အတွက် တာဝန်ရှိသူတွေက စစ်ဆေးပြီးတော့ စီရင်ဆောင်ရွက်သင့်ကြောင်း ပြောပါတယ်။
“မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေနဲ့ ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ဥပဒေကို မသိတာလား။ ဒါတော့ ဖြစ်လည်း မဖြစ်သင့်ဘူး၊ မဖြစ်လည်း မဖြစ်နိုင်ဘူးလို့ ကျွန်မတို့ ယူဆတယ်။ နောက်တစ်ချက်က ဘာကြောင့် ဒီလို ထုတ်ပြန်လိုက်တာလဲ။ အခုတော့ အဲဒီ Page ကို ဖြုတ်ချလိုက်ပါပြီး သို့သော် တော်တော်များများ ပြန့်နှံ့ သွားပြီဖြစ်တဲ့အတွက် ဒီသမီးငယ်လေးအတွက် အလွန်ပဲ နစ်နာတယ်။ သူ့မိဘတွေလည်း ထိခိုက် ခံစားကြရတယ်။ မြန်မာနိုင်ငံရဲတပ်အဖွဲ့အနေနဲ့ ဘယ်လို ဆက်လက်ဆောင်ရွက်မှာလဲ။ ထိခိုက်နစ်နာသူတဲ့ သူတွေအတွက် တာဝန်ရှိသူ အသီးသီးဟာ ဒါကို စစ်ဆေးပြီးတော့ စီရင်ဆောင်ရွက်သင့်ပါတယ်လို့ ပြောလိုပါတယ်။”
လိင်အကြမ်းဖက် ခံထားရတဲ့ ဗစ်တိုးရီးယား ကလေးငယ်ရဲ့ နာမည်ကို မြန်မာနိုင်ငံရဲတပ်ဖွဲ့က ထုတ်ဖော် ပြောဆိုခဲ့တာဟာ ကလေးသူငယ် အခွင့်အရေးဆိုင်ရာစာချုပ် CRC မှာပါတဲ့ ကလေးများရဲ့ ပုဂ္ဂလိက လွတ်လပ်ခွင့်ကို ထိခိုက်သလို ကလေးသူငယ် အခွင့်ရေးဆိုင်ရာဥပဒေကို ချိုးဖောက်ပြီး ရာဇဝတ်မှု မြောက်တယ်လို့ ညီမျှခြင်းမြန်မာရဲ့ ဒါရိုက်တာ ဦးအောင်မျိုးမင်းက RFA ကို ပြောပါတယ်။
“အခုလိုမျိုး ရဲတပ်ဖွဲ့က ကလေးသူငယ်ရဲ့အမည်တွေ၊ ကိုယ်ရေးအချက်အလက်တွေ အများသိအောင် သတင်းစာရှင်းလင်းပွဲမှာပြောတာ၊ ဆိုရှယ်မီဒီယာမှာ တင်ပြတဲ့အချက်က ကလေးသူငယ်အခွင့်အရေးဆိုင်ရာ စာချုပ် CRC မှာပါတဲ့ ကလေးများရဲ့ ပုဂ္ဂလိကလွတ်လပ်ခွင့်ကို ထိခိုက်ရာရောက်ပါတယ်။ နောက်ထပ် ကျွန်တော်တို့ နိုင်ငံမှာ ၂၀၁၉ ခုနှစ်က ပြဌာန်းခဲ့တဲ့ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေကို ချိုးဖောက်ပြီး ရာဇဝတ်မှုမြောက်နေတာကို တွေ့ရပါတယ်။”
ရဲတပ်ဖွဲ့ဆိုတာ ထုတ်ထားတဲ့ ဥပဒေတွေကို ဥပဒေစိုးမိုးရေးအတွက် တာဝန်ရှိတဲ့ ဌာနဖြစ်ပြီး ဥပဒေကို ထိန်းသိမ်း ရမယ့်သူတွေ ကိုယ်တိုင်က ဥပဒေကို ချိုးဖောက်တာဟာ ပြည်သူ့ရဲတပ်ဖွဲ့ဆိုတဲ့ ဂုဏ်သိက္ခာကိုလည်း အများကြီး ထိခိုက်စေတယ်လို့ ဦးအောင်မျိုးမင်းက ဆိုပါတယ်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ လုပ်ဆောင်ချက်ဟာ ရဲကျင့်ဝတ်ကို ဖောက်ဖျက်တာဖြစ်ပြီး သူ့အနေနဲ့ လုံးဝ ရှုတ်ချသလို အရာရှိကြီးတွေအနေနဲ့ ကျင့်ဝတ်ကို ပိုပြီးလေးစား လိုက်နာသင့်တယ်လို့ မန္တလေးမြို့မှာ နေပြီး ကိုယ်ပိုင်လုပ်ငန်း လုပ်ကိုင်နေတဲ့ ရဲဝန်ထမ်းဟောင်း ကိုမြတ်သူဟိန်းက ပြောပါတယ်။
“ကျင့်ဝတ်ဖောက်တာပေါ့။ ကျွန်တော်တို့ ကလေးသူငယ်ဥပဒေကိုလည်း ချိုးဖောက်ရာကျတယ်။ သာမန် တခြားမှုခင်းတွေတောင်မှပဲ တရားခံဓာတ်ပုံကို ဖောက်ဖျက်ပေးရတယ်။ နောက်ပြီး မျက်နှာဖျက်ပေးရတယ်။ ဓာတ်ပုံ တင်ရင်တောင်မှ ဒါဟာ ကျွန်တော်တို့ ရဲရဲ့ လုပ်ထုံးလုပ်နည်းပဲလေ။ သူခိုးတစ်ယောက်ကို မိတယ်ဆိုရင်တောင် အဲဒီသူခိုးဓာတ်ပုံတင်ရင် ကျွန်တော်တို့က ကျင့်ဝတ်အရ လူပုဂ္ဂိုလ် သူရဲ့ဂုဏ်သိက္ခာအရ မျက်နှာကို ဖုံးပြီးဖော်ပြရတယ်။ အဲဒီကျင့်ဝတ်တွေကို ဒါဖောက်ဖျက်တာပဲလေ။ လုံးဝ ကျွန်တော်တို့ကတော့ ရှုတ်ချတယ်။”
တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်ကတော့ ဥပဒေကြောင်းအရ အခုလို ပြောပါတယ်။
“နိုင်ငံတော်သမ္မတရဲ့ ခွင့်ပြုချက်ရမှ စွဲနိုင်တဲ့ အမှုအမျိုးအစားဖြစ်တယ်။ သို့သော် ရဲစည်းကမ်း ထိန်းသိမ်းရေးအရတော့ သူတို့ အရေးယူနိုင်တယ်။ ရဲစည်းကမ်းထိန်းသိမ်းရေးကိုလည်း တိုင်နိုင်တယ်။ တရားစွဲတာလည်း စွဲပေါ့၊ ပြည်ထဲရေးဝန်ကြီးကိုလည်း တိုင်မယ်ဆိုရင် ပထမဦးဆုံး သူတို့ ရဲစည်းကမ်း ထိန်းသိမ်းရေးမှာ သူတို့ကို တင်မှာပဲ တိုင်စာအရ။ အပြစ်မရှိဘူးဆိုလည်း လွှတ်လိုက်မှာပေါ့ဗျာ။ အပြစ်ရှိတယ်ဆိုလည်း အရေးယူမှာပေါ့။ အခုတော့ ဥပဒေလမ်းကြောင်းတွေအရတော့ အဲဒီလိုပဲ ပွင့်နေတယ်။ အမှန်တကယ် ကလေးသူငယ်ဥပဒေကို ချိုးဖောက်တာတော့ အတိအကျပဲ ရည်ရွယ်ချက်ရှိရှိ ချိုးဖောက်တယ်ဆိုရင်တော့ ပိုဆိုးတာပေါ့ဗျာ။”
၂၀၁၉ ခုနှစ်မှာ ပြဌာန်းခဲ့တဲ့ ကလေးသူငယ် အခွင့်အရေးဆိုင်ရာဥပဒေ ပုဒ်မ ၉၆ မှာ ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေး ရာမှာဖြစ်စေ၊ ကလေးသူငယ်တရားရုံးရှေ့ဖြစ်စေ ၊ တရားရုံး တစ်ခုခုမှာဖြစ်စေ ပြစ်မှုကျူးလွန်တာခံရတဲ့ ကလေးသူငယ်တွေ၊ သက်သေအဖြစ် ထွက်ဆိုတဲ့ ကလေးသူငယ်တွေကို နာမည်နဲ့ မှုခင်းသတင်း အချက်အလက်တွေ ရယူတာ၊ ဓာတ်ပုံရိုက်တာ၊ သတင်းစာ၊ မဂ္ဂဇင်း၊ ဂျာနယ်နဲ့ စာအုပ်စာတမ်းတွေ ထည့်သွင်းတာ၊ ရေဒီယို၊ ရုံမြင်သံကြားနဲ့ လူမှုကွန်ရက်ဆက်သွယ်ရေး နည်းလမ်းတွေမှာ ထုတ်လွှင့်ခြင်း မပြုရလို့ ပြဌာန်းထားပါတယ်။
အဲဒီပြဌာန်းချက်ကို ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားရင် ကျူးလွန်သူဟာ အနည်းဆုံး ထောင်ဒဏ် လေးလကနေ အများဆုံး တစ်နှစ်ထိ ဖြစ်စေ၊ ငွေဒဏ်အနေနဲ့ အနည်းဆုံးကျပ် လေး သိန်းကနေ အများဆုံး ကျပ် ခြောက်သိန်း အထိဖြစ်စေ၊ ဒါမှမဟုတ် ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမယ်လို့ ပြဋ္ဌာန်းထားပါတယ်။