သမ္မတရဲ့ လွတ်ငြိမ်းခွင့်ကို Pen Myanmar ကြိုဆို

သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ မန္တလေးထောင်ကနေ လွတ်မြောက်လာသူတွေကို ၂၀၁၈ ခုနှစ် ဧပြီလ ၁၇ ရက်နေ့ ကတွေ့ရစဉ်
သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ မန္တလေးထောင်ကနေ လွတ်မြောက်လာသူတွေကို ၂၀၁၈ ခုနှစ် ဧပြီလ ၁၇ ရက်နေ့ ကတွေ့ရစဉ် (Photo: Khaymani Win/RFA)

နိုင်ငံတကာ ယဉ်ကျေးမှုနဲ့ လူ့အခွင့်အရေးအဖွဲ့ Pen ရဲ့ မြန်မာပြည်ဆိုင်ရာဌာနခွဲက ဧပြီလ ၁၈ ရက်နေ့စွဲနဲ့ ကြေညာချက် တစောင် မနေ့က ထုတ်ပြန်ပြီး နိုင်ငံတော်သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့်အမိန့်ကို ကြိုဆိုလိုက်ပါတယ်။

အဲဒီ Pen Myanmar ရဲ့ကြေညာချက်မှာ ခေတ်အဆက်ဆက် အစိုးရတွေက နိုင်ငံရေးအကျဉ်းသားတွေကို လွတ်ပေးရာမှာ လွတ်ငြိမ်းချမ်းသာခွင့် အပြည့်အဝမပေးဘဲ ဆိုင်းငံ့ပြစ်ဒဏ်တွေအဖြစ် သတ်မှတ်ပြီး လွှတ်ပေးခဲ့တာဖြစ်ကြောင်းနဲ့ လက်ရှိ သမ္မတ ဦးဝင်းမြင့်က ဧပြီလ ၁၇ ရက်နေ့က ထုတ်ပြန်ခဲ့တဲ့ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်မှာတော့ အဲဒီလို ဆိုင်းငံ့ပြစ်ဒဏ်ချမှတ်တဲ့ ပုဒ်မ ၄ဝ၁ ပါ သတ်မှတ်ချက်တွေကို ပယ်ဖျက်ပေးလိုက်တဲ့အတွက် Pen Myanmar အဖွဲ့က ကျေးဇူးအထူးတင်ရှိကြောင်း ဖေါ်ပြထားပါတယ်။