ငြိမ်းချမ်းရေးလမ်းလျှောက်သူများ အဖွဲ့ကျောက်ဆည်မြို့ကိုရောက်ရှိ
2013.02.09

အဲဒီအဖွဲ့ဟာ မနေ့က ညနေပိုင်းက ကချင်ပြည်နယ်တွင်းမှာ ကျန်ရှိနေတဲ့ မြေမြုပ်မိုင်းဗုံးတွေကို အစိုးရအာဏာပိုင်တွေနဲ့ KIA/KIO တို့ ပူးပေါင်းပြီး ရှင်းလင်းပေးဖို့ တိုက်တွန်းတဲ့ ကြေညာချက်တစ်စောင်ကို ထုတ်ပြန်ခဲ့တယ်လို့ အဖွဲ့ခေါင်းဆောင် ကိုရန်နိုင်ထွန်း က RFA ကို ပြောပါတယ်။
အဲဒီထုတ်ပြန်ချက်ထဲမှာ KIA နဲ့ ငြိမ်းချမ်းရေး အလွတ်သဘော ဆွေးနွေးမှုမှာ KNU ကို ဖိတ်ကြားခဲ့တာဟာ အံ့သြစရာဖြစ်သလို စစ်ရေးအရှိန် လျှော့ချရေးမှာလည်း တိုးတက်မှုရှိတယ်လို့ မြင်တာကြောင့် ထောက်ခံပါတယ်လို့ ဆိုထားပြီး စစ်ပွဲရပ်စဲရေးအတွက် လုပ်ဆောင်စရာတွေ အခက်အခဲတွေများစွာ ရှိနိုင်တယ်လို့ ယူဆထားကြောင်း စတဲ့ အချက် ၇ ချက် ပါရှိပါတယ်။
အဲဒီ ခရီးရှည်လမ်းလျှောက်နေကြတဲ့ ငြိမ်းချမ်းရေး လိုလားသူတွေဟာ ရန်ကုန်မြို့ကနေ ဇန်နဝါရီ ၂၁ ရက်နေ့မှာ စတင်ထွက်ခွာခဲ့တာ ဖြစ်ပြီး အခုဆိုရင် ရက်သတ္တပတ် နှစ်ပတ်ကျော် ကြာခဲ့ပြီဖြစ်သလို လမ်းလျှောက်တဲ့ လူဦးရေဟာလည်း ၅၀ ကျော် ရှိနေပါပြီ။
အဲဒီလမ်းလျှောက်အဖွဲ့ဟာ လာမယ့် ဖေဖော်ဝါရီလ ၁၂ ရက် ပြည်ထောင်စုနေ့မတိုင်မီ မန္တလေးကို အရောက်သွားကြမှာဖြစ်ပြီး အဲဒီမှာ ပြည်ထောင်စုနေ့ အခမ်းအနားကို ကျင်းပမှာဖြစ်သလို ၁၃ ရက်နေ့မှာ ကျရောက်မယ့် ဗိုလ်ချုပ်မွေးနေ့ကိုလည်း မန္တလေးမှာရှိကြတဲ့ လူငယ်သွေးလှူရှင်အဖွဲ့တွေနဲ့ ပူးပေါင်းပြီး ပြုလုပ်သွားဖို့ စီစဉ်ထားတယ်လို့လည်း သိရပါတယ်။