ဘာသာပေါင်းစုံ ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်နိုင်ရေး ဆွေးနွေးပွဲ


2013.03.30
Meikhtila-refugees-305 မိတ္ထီလာမြို့ ဘောလုံးကွင်းရှိ ဒုက္ခသည်စခန်းကို ၂ဝ၁၃ ခုနှစ် မတ်လ ၂၃ ရက်နေ့က မြင်ရစဉ်
photo: RFA/Kyaw Zawe Win

မိတ္ထီလာမြို့အပါဝင် ပဲခူးတိုင်းအတွင်းမှာ ဖြစ်ပေါ်ခဲ့တဲ့ အကြမ်းဖက်မှုတွေကို နိုင်ငံတော်သမ္မတရဲ့ ညွှန်ကြားချက်အတိုင်း ဥပဒေနဲ့အညီ အမြန်ဆုံး အရေးယူဆောင်ရွက်ပေးဖို့ တိုက်တွန်းချက်အပါအဝင် အချက် ၁၀ ချက်ပါ ထုတ်ပြန်ကြေညာချက်တစ်ရပ်ကို ဘာသာပေါင်းစုံ ခေါင်းဆောင်တွေ၊ နိုင်ငံရေး ပါတီတွေနဲ့ အရပ်ဖက်လူ့အဖွဲ့စည်းတွေပူးပေါင်းပြီး ဒီကနေ့မှာ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

ရန်ကုန်မြို့၊ ဗဟန်းမြို့နယ် ရွှေလီလမ်း မြန်မာ ငြိမ်းချမ်းရေးစင်တာမှာ ကျင်းပခဲ့တဲ့ “မြန်မာနိုင်ငံ တည်ငြိမ်အေးချမ်းရေးနဲ့ သဟဇာတဖြစ်ရေးအတွက် အရပ်ဖက်လူ့အဖွဲ့စည်းများနဲ့ ဘာသာပေါင်းစုံဆွေးနွေးပွဲ” ခေါင်းစဉ်နဲ့ ကျင်းပတဲ့ ဆွေးနွေးပွဲကနေ ထုတ်ပြန်ကြေညာခဲ့တာပါ။

လက်ရှိဖြစ်ပေါ်နေတဲ့ အကြမ်းဖက်မှုတွေကို တားဆီးနိုင်ဖို့အတွက် အစိုးရနဲ့အတူ ဘာသာရေးခေါင်းဆောင်တွေ၊ လူထုအဖွဲ့စည်းများနဲ့ ဒေသခံလူထုတွေကပါ ကူညီဆောင်ရွက်ကြဖို့ အရေးကြီးကြောင်း ဆွေးနွေးခဲ့ကြပါတယ်။ ဒါ့အပြင် မတူညီတဲ့  ဘာသာရေးနဲ့ လူ့အသိုင်းအဝိုင်းအကြား သဟဇာတဖြစ်အောင် နေထိုင်နိုင်ရေးအတွက် အပြန်လှန်ယုံကြည်မှုနဲ့ နားလည်မှုတည်ဆောက်ရေးစတဲ့ ဦးတည်ချက်နဲ့ ပူးပေါင်းဆောင်ရွက်သွားဖို့ကိုလည်း တိုက်တွန်းခဲ့ကြပါတယ်။

မတူညီတဲ့ ဘာသာဝင်တွေ လူ့အဖွဲ့အစည်းတွေ အတူယှဉ်တွဲ နေထိုင်နိုင်ရေးအတွက် အသိပညာပေး သင်ကြားနိုင်ဖို့ ကျောင်းသင်ရိုးညွှန်းတမ်းတွေမှာပါ ထည့်သွင်းရေးဆွဲနိုင်ဖို့အထိ ရေရှည်ရည်မှန်းချက်အဖြစ် သဘောတူကြောင်းလည်း ကြေညာချက်မှာ ပါရှိပါတယ်။

အဲဒီဆွေးနွေးပွဲကို ဆရာတော် အရှင်ဆေကိန္ဒ၊ အရှင်ဝီရသူစတဲ့ ဆရာတော်တွေအပြင် အစ္စလာမ်ဘာသာရေး ခေါင်းဆောင်တွေ၊ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက တာဝန်ရှိသူတွေနဲ့ ပါတီအသီးသီးက ခေါင်းဆောင်တွေ တက်ရောက်ဆွေးနွေးခဲ့ကြပါတယ်။

အစ္စလာမ်ဘာသာရေး ခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးဝဏ္ဏရွှေကို RFA ဝိုင်းတော်သား ဦးဝင်းနိုင် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

ရုပ်ရှင်အစည်းအရုံး ဥက္ကဌ ဦးဇင်ဝိုင်းကို ဦးဝင်နိုင် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

ဒီမိုကရက်တစ်ပါတီ (မြန်မာ)က ခေါင်းဆောင်တစ်ဦးဖြစ်သူ ဒေါ်သန်းသန်းနု ကို ဦးဝင်းနိုင် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။