အစိုးရနဲ့ ကေအိုင်အို ဆွေးနွေးကြရန် အမေရိကန်အစိုးရ တိုက်တွန်း
မြန်မာအစိုးရနဲ့ ကချင်လွတ်မြောက်ရေး အဖွဲ့ ကေအိုင်အို နှစ်ဖက်စလုံး အနေနဲ့ ယုံကြည်မှု တည်ဆောက်နိုင်ဖို့အတွက် အမြန်ဆုံး တွေ့ဆုံဆွေးနွေးကြဖို့ အမေရိကန် အစိုးရက ဒီကနေ့ ကြေငြာချက် ထုတ်ပြန် တိုက်တွန်းလိုက်ပါတယ်။
-
2012-12-20 -
-
-
အပစ်အခတ်ရပ်စဲရေး ဆွေးနွေးရန် အတွက် KIA ဒု-စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဂွမ်မော် ဦးဆောင်သောအဖွဲ့က ၂၀၁၁ ခုနှစ် ဇွန်လ ၃၀ရက်နေ့တွင် ကချင်ပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးသန်းအောင် (အလယ်) အား ဗန်းမော်ခရိုင်၊ ဒေါ့ဖုန်းယန်မြို့နယ်ခွဲ လဂျားယန်ရွာတွင် တွေ့ဆုံစဉ်။ ဓါတ်ပုံ - KNG
KNG
ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၇ ရက်နဲ့ ၁၈ ရက်နေ့တွေမှာ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး မစ္စတာ Derek Mitchell နဲ့ကိုယ်စားလှယ်အဖွဲ့ဟာ ကချင်ပြည်နယ်က စစ်ပြေးဒုက္ခသည်စခန်းတွေကို သွားရောက်ကြည့်ရှုခဲ့ပါတယ်။ ခရီးစဉ်အတွင်း ငြိမ်းချမ်းရေး အကျိုးဆောင်တွေ လူမှုအဖွဲ့အစည်းတွေနဲ့လည်းတွေ့ဆုံအပြီး အခုလို သဘောထား ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။ အစိုးရနဲ့ ကေအိုင်အို နှစ်ဖက်စလုံး တွေ့ဆုံဆွေးနွေးကြဖို့ တိုက်တွန်းလိုက်သလို တချိန်တည်းမှာလည်း ထွက်ပြေးပုန်းရှောင်နေရတဲ့ စစ်ပြေးဒုက္ခသည်စခန်းအားလုံးကို အကူအညီပေးနိုင်ဖို့အတွက် လိုအပ်တာတွေ စီစဉ်ပေးဖို့ကိုလည်း တိုက်တွန်းလိုက်ပါတယ်။ အမေရိကန် အစိုးရအနေနဲ့ ကချင် စစ်ပြေးဒုက္ခသည်တွေ အတွက် အစားအစာ၊ အသုံးအဆောင်နဲ့ ဆေးဝါး အထောက်အကူ စုစုပေါင်း အမေရိကန် ဒေါ်လာ ၅ သန်းဖိုး ထောက်ပံ့ ကူညီထားပြီးပြီလို့ သိရပါတယ်။