ငြိမ်းချမ်းရေး လမ်းလျှောက်သူတွေ ကို ဒေသခံအာဏာပိုင်တွေ နှောင့်ယှက်
ကချင်ပြည်နယ်က စစ်ပွဲတွေ ရပ်ဆိုင်းရေးအတွက် ရန်ကုန်မြို့ကနေ KIO ဌာနချုပ်ရှိတဲ့ တရုတ်-မြန်မာ နယ်စပ်က လိုင်ဇာမြို့ကို လမ်းလျှောက် ချီတက်ကြတဲ့ ငြိမ်းချမ်းရေးလိုလားသူ ၅၀ ကျော်ဟာ ဒီကနေ့မှာတော့ ပဲခူးမြို့ကနေ ဒိုက်ဦးမြို့အထိ ရောက် ရှိနေပါတယ်။
-
2013-01-24 -
-
-
ခရီးစဉ်တလျှောက်မှာ သူတို့တည်းခိုဖို့ ပြင်ဆင်ကြတဲ့နေရာတွေကို တည်းခိုခွင့်မရအောင် ဒေသခံ အာဏာပိုင်တွေဖက်က ဖိအားပေးတာမျိုးတွေရှိတယ်လို့ ငြိမ်းချမ်းရေးခရီးစဉ် လမ်းလျှောက်ရာမှာပါဝင်တဲ့ ကိုရန်နိုင်ထွန်းက RFAကို ပြောပါတယ်။
ငြိမ်းချမ်းရေးအတွက် ရည်မှန်းချက်ထားပြီး လမ်းလျှောက်သူတွေဟာ မနက်ဖြန် မနက်အစောပိုင်းမှာ ဒိုက်ဦးမြို့က ဒေသခံတွေနဲ့ ပူးပေါင်းပြီး ငြိမ်းချမ်းရေးကျောက်တိုင် စိုက်ထူဖို့ရှိပါတယ်။
ဒါ့အပြင် ရန်ကုန်မှာရှိတဲ့ နာရေးကူညီမှုအသင်းကလည်း ငြိမ်းချမ်းရေး လမ်းလျှောက်သူတွေအတွက် ဆေးဝါး၊ အသုံးအဆောင်နဲ့ ငွေကျပ် ၁ဝ သိန်းတို့ကို လှူဒါန်းကြသလို၊ လမ်းတလျှောက်မှာရှိတဲ့ မြို့တွေက ဒေသခံတွေကလည်း စားနပ်ရိက္ခာနဲ့ နေရာထိုင်ခင်း စီစဉ်ပေးခဲ့ကြပါတယ်။
ငြိမ်းချမ်းရေး လမ်းလျှောက်သူတွေဟာ ကြိုတင်ခွင့်ပြုချက် ရယူခဲ့ခြင်းမရှိတာကြောင့် မြို့နယ် ၈ မြို့နယ်က ရဲစခန်းတာဝန်ရှိသူတွေက တရားစွဲဆိုထားတယ်လို့လည်း သိရပါတယ်။
မိုင်ပေါင်း ၈၀၀ကျော် လမ်းလျှောက်ပွဲကို ဇန်နဝါရီလ ၂၁ ရက်နေ့ မနက်ပိုင်းက စတင်ပြီး ရန်ကုန်မြို့တော်ခန်းမရှေ့ကနေ စတင်ထွက်ခွာခဲ့ကြတာဖြစ်ပါတယ်။