စစ်ဘေးဒုက္ခသည်များကို ကူညီဖို့ Peace Machine က ကျပ် ၁၀ သိန်းလှူ
2015.12.23

တိုင်းရင်းသားဒေသတွေမှာ ဖြစ်ပွားနေတဲ့ စစ်ပွဲတွေကြောင့် ဒုက္ခရောက်နေကြတဲ့ စစ်ဘေးဒုက္ခသည်တွေကို ကူညီဖို့အတွက် Peace Machine လို့ ခေါ်တဲ့လူငယ်အဖွဲ့က ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်း ရုံးကို ငွေကျပ် ၁၀ သိန်း ဒီကနေ့ လာရောက်လှူဒါန်းခဲ့ပါတယ်။
အဲ့ဒီလူငယ်အဖွဲ့ဟာ နယ်ဒေသတွေအနှံ့ ငြိမ်းချမ်းရေးသီချင်းတွေဖျော်ဖြေပြီး အလှုခံထားတဲ့ ငွေတွေကို လာရောက်လှူဒါန်းကြတာဖြစ်တယ်လို့ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းအဖွဲ့က ကိုဂျင်မီက ပြောပါတယ်။
"Peace Machine အဖွဲ့က မြို့နယ်ထဲမှာ လှည့်လည်ပြီးတော့ အလှူလိုက်ခံတယ်၊ ငြိမ်းချမ်းရေးသီချင်းတွေ ဆိုကြတာပေါ့လေ၊ အဖွဲ့ဝင်က အယောက် ၂ဝ၊ ၃ဝ ကျော်လောက်ရှိမယ်ထင်တယ်၊ သူတို့ရလာတဲ့ အလှူငွေ ၁ဝ သိန်းကို ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်းရုံးကတဆင့် စစ်ပြေးဒုက္ခသည်တွေအတွက် လာပြီးလှူကြတာပေါ့"
စစ်ပြေးဒုက္ခသည်တွေအတွက် လာရောက်လှူဒါန်းတဲ့ငွေ ကျပ်သိန်း ၁၅၀ ကျော်လောက် ရရှိထားပြီဖြစ်တယ် လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းတုန်းကလည်း ၈၈မျိုးဆက်အဖွဲ့ဟာ ရှမ်းပြည်တောင်ပိုင်းက ဟိုက်ပါ၊ ဝမ့်ဝ ဒုက္ခသည်စခန်းတွေဆီ သွားရောက်ပြီး အလှူငွေတွေ ပေးအပ်ခဲ့ပါတယ်။
လက်ရှိမှာ ရှမ်းပြည်မြောက်ပိုင်းနဲ့ တောင်ပိုင်းမှာ တိုက်ပွဲတွေဖြစ်နေတာကြောင့် ဒုက္ခသည် တစ်သောင်းကျော် ရှိနေတယ်လို့ သိရပါတယ်။