အစိုးရငြိမ်းချမ်းရေးကော်မရှင် အဖွဲ့ဝနဲ့ မိုင်းလားအဖွဲ့တွေနဲ့ တွေ့ ဆုံမည်

ပြည်ထောင်စုငြိမ်းချမ်းရေးကော်မရှင် ဒုတိယဥက္ကဌ ဦးသိန်းဇော် ဦးဆောင်တဲ့အဖွဲ့ဟာ ဝပြည်သွေးစည်း ညီညွတ်ရေးပါတီ UWSPနဲ့ အထူးဒေသ ၄ က အမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် - မိုင်းလား အဖွဲ့က ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဖို့အတွက် ရှမ်းပြည်နယ် လားရှိုးမြို့ကို ဒီနေ့ ရောက်ရှိနေပါတယ်။

ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ဒေသဖံ့ွဖြိုးရေးဆိုင်ရာကိစ္စတွေ ဆွေးနွေးသွားမယ်လို့ အထူးဒေသ ၄ မိုင်းလားအဖွဲ့ က ပြောရေးဆိုခွင့်ရှိသူ ဦးကြည်မြင့်က ပြောပါတယ်။

"ဒေါက်တာ တင်မျိုးဝင်း မလာတော့ဘူး။ ဦးသိန်းဇော်ပဲ ဦးစီးပြီးမှ လာမယ်။ ကျနော်တို့ အတွက်တော့ ပြည်တွင်းငြိမ်းချမ်းရေးကိစ္စနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကိစ္စနဲ့ နှစ်ခုပဲ ဆွေးနွေးမှာပါ။ အဲ့ဒါ မဆွေးနွေးခင်က ပြောလို့မရဘူးလေ၊ ရောက်လာမှပဲ ဖြစ်မှာ"

ငြိမ်းချမ်းရေးကော်မရှင်အဖွဲ့ဟာ လားရှိုးမြို့က အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် ရိပ်သာမှာ ညအိပ်ပြီး မနက်ဖြန် ဒီဇင်ဘာ ၂၉ ရက်နေ့မှာ အထူးဒေသ ၂ ကို သွားရောက်ပြီး UWSP "ဝ" ခေါင်းဆောင်တွေနဲ့ ပန်ဆန်းမြို့မှာ တွေ့ ဆုံဆွေးနွေးကြမှာဖြစ်ပါတယ်။

လာမယ့် ဒီဇင်ဘာလ ၃၀ ရက်နေ့မှာတော့ မိုင်းလားမြို့မှာ အထူးဒေသ ၄ က မိုင်းလားတပ်ဖွဲ့က ခေါင်းဆောင်တွေ နဲ့ တွေ့ဆုံမှာဖြစ်ပါတယ်။

မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေဖြစ်တဲ့ ကချင်၊ ပလောင်၊ ရခိုင်နဲ့ ကိုးကန့်အဖွဲ့တွေနဲ့ တွေ့ဖို့ ရှိ မရှိ မသေချာသေး ပါဘူး။