ငြိမ်းချမ်းရေးကော်မရှင်နဲ့ မြောက်ပိုင်းအဖွဲ့တွေ တေ့ွဆုံမည်


2018.12.23
peace-commission-622.jpg UWSA , NDAA , SSPP , KIO , AA , TNLA , MNDAA ခေါင်းဆောင်တွေနဲ့ ငြိမ်းချမ်းရေးကော်မရှင်တို့ နေပြည်တော်မှာ ၂ဝ၁၈ ခုနှစ် ဇူလိုင်လ ၁၃ ရက်နေ့က တွေ့ဆုံခဲ့စဉ်
Photo: Hla Maung Shwe - facebook

မြောက်ပိုင်းလက်နက်ကိုင် တပ်ဖွဲ့တွေဖြစ်တဲ့ တအာင်းလွတ်မြောက်ရေးတပ်မတော် TNLA၊ ရက္ခိုင့်တပ်မတော်AA နဲ့ ကိုးကန့်တပ်မတော် MNDAA တို့ဟာ ငြိမ်းချမ်းရေးကော်မရှင်က တာဝန်ရှိသူတွေနဲ့ လာမယ့် ဇန်နဝါရီလလယ်ပိုင်းမှာ တွေ့ဆုံဖို့ရှိတယ်လို့ သိရပါတယ်။

အခုလ ၁၂ ရက်နေ့က တရုတ်နိုင်ငံကူမင်းမြို့မှာ တွေ့ဆုံခဲ့အပြီး ဇန်နဝါရီလထဲမှာ ထပ်မံတွေ့ဆုံဖို့ နှစ်ဖက်ချိန်းဆို ထားကြတာ ဖြစ်ပါတယ်။

တအာင်းလွတ်မြောက်ရေး တပ်မတော်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး မိုင်းအိုက်ကျော်က လာမယ့် ဇန်နဝါရီလ အတွင်း နှစ်ဖက်တွေ့ဆုံဖို့ရှိပြီး နေရာနဲ့ နေ့ရက်ကို အတိအကျမပြောနိုင်သေးဘူးလို့ ပြောပါတယ်။

ဇန်နဝါရီလဆန်းပိုင်းမှာ နှစ်သစ်ကူးရုံးပိတ်ရက်၊ လွတ်လပ်ရေးနေ့နဲ့ ကရင်နှစ်သစ်ကူးပွဲတော်တွေ ရှိတာကြောင့် ဒုတိယအပတ်အတွင်းမှာသာ တွေ့ဆုံနိုင်မယ့် အနေအထားရှိတယ်လို့လည်း သိရပါတယ်။

ဒီလထဲ ကူမင်းမြို့ကတွေ့ဆုံပွဲမှာတော့ ၂၁ ရာစု ပင်လုံညီလာခံလို ပြည်ထောင်စုအဆင့် နိုင်ငံရေး ဆွေးနွေးပွဲတွေမှာ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေ ပါဝင်ဆွေးနွေးခွင့်ရနိုင်မယ့် လမ်းကြောင်းတွေကို ဆွေးနွေးခဲ့ကြပေမယ့် နှစ်ဖက် သဘောတူညီချက် မရသေးပါဘူး။

အဲဒီဆွေးနွေးပွဲမှာ အသိသက်သေအနေနဲ့ တက်ရောက်ခဲ့တဲ့ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO က ဇန်နဝါရီလထဲ တွေ့ဆုံပွဲမှာ ဆွေးနွေးသူအနေနဲ့ ပါဝင်လာနိုင်ခြေရှိတယ်လို့ သိရပါတယ်။

ဒီသတင်းကို RFA သတင်းထောက် မဝေမာထွန်း ပေးပို့တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။