NCA လက်မှတ်ထိုးပြီးနောက် ပြင်ဆင်ဖို့ ညှိနှိုင်းနိုင်ကြောင်း ငြိမ်းချမ်းရေးကော်မရှင် ပြော


2017.10.23
peace-commission-meet-dpn-622.jpg ငြိမ်းချမ်းရေးကော်မရှင်နဲ့ UNFC ရဲ့ နိုင်ငံရေးဆိုင်ရာ ညိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ DPN တို့ အောက်တိုဘာလ ၂၃ ရက်နေ့က တွေ့ဆုံစဉ်။
Photo: Thant Zin Oo/ RFA

တစ်နိုင်ငံလုံး ပစ်ခတ်ရပ်စဲရေးစာချုပ် NCA ကို ပြင်ဆင်လိုတယ်ဆိုရင် NCA မှာ လက်မှတ်ရေးထိုးပြီးနောက် တိုင်ပင်ညှိနှိုင်းလို့ရကြောင်း ငြိမ်းချမ်းရေးကော်မရှင် ဒုတိယဥက္ကဌ ဦးသိန်းဇော် က ပြောပါတယ်။

ရန်ကုန်မြို့ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန NRPC မှာ ငြိမ်းချမ်းရေးကော်မရှင်နဲ့ UNFC က ဖွဲ့စည်းထားတဲ့ နိုင်ငံရေးဆိုင်ရာ ညှိုနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ DPN တို့ ဒီနေ့ တွေ့ဆုံပွဲမှာ ဒုတိယ ဥက္ကဌ ဦးသိန်းဇေ်ာက NCA မှာ လက်မှတ်ထိုးဖို့ တိုက်တွန်းခဲ့တာဖြစ်ပါတယ်။

"NCA ကိုလည်း ကျနော်တို့ ဖြစ်စေချင်တာက NCA ထဲမှာ ကိုယ်တိုင်ရေးဆွဲခဲ့ပေမယ့် နောက်ပိုင်းမှာ အခြေအနေ အကြောင်းအရာ အရပ်ရပ်ကြောင့် လိုအပ်ချက်တွေရှိတယ်ဆိုရင် NCA ရဲ့ အပြင်ကနေ ပြောကြမယ့်အစား NCA အတွင်းထဲမှာဝင်လာပြီးတော့ NCA အတွင်းထဲမှာ ညီညီညွတ်ညွတ် မျှမျှတတနဲ့ အားလုံး တိုင်တိုင်ပင်ပင် ညှိနှိုင်းတိုင်ပင်ပြီးတော့ ဆောင်ရွက်ပေးကြပါလို့ ကျန်ရစ်ခဲ့တဲ့အဖွဲ့အားလုံးကိုလည်း ဒီနေရာကနေပြီးတော့ မေတ္တာရပ်ခံရင်းနဲ့ ဖိတ်ခေါ်ပါတယ်၊ တကယ်ပဲ လှိုက်လှိုက်လှဲလှဲနဲ့ ဖိတ်ခေါ်ပါတယ်"

နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ DPN က NCA မှာ လက်မှတ်ထိုးဖို့အတွက် အဆိုပြုထား တဲ့ အချက် ၈ ချက်ကို အစိုးရငြိမ်းချမ်းရေးကော်မရှင်နဲ့ ဆွေးနွေးနေတာ ၁၅ လတာ ကြာမြင့်ခဲ့ပြီဖြစ်ပြီး ဒီတစ်ကြိမ်တွေ့ဆုံမှုဟာ ၇ ကြိမ်မြောက်ဖြစ်ပါတယ်။

DPN အဖွဲ့ခေါင်းဆောင် ခူဦးရယ်က ဆွေးနွေးပွဲ အချိန်ရှည်ကြာခဲ့ပြီဖြစ်တာကြောင့် နှစ်ဦးနှစ်ဖက်လက်ခံနိုင်မယ့် နည်းလမ်းတစ်ခု လမ်းကြောင်းတစ်ခုကိုရွေးချယ်ပြီး DPN ဘက်ကအဆိုပြုထားတဲ့ အချက် ၈ချက်ကို ပြီးမြောက်အောင် ကျော်လွှားသွားဖို့ အချိန်တန်ပြီလို့ ပြောပါတယ်။

တပ်မတော်သားကိုယ်စားလှယ် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က NCA စာချုပ်ကို ပိုမိုကောင်းမွန်အောင် ပြန်လည် သုံးသပ်တဲ့ ဆွေးနွေးပွဲတွေကို မကြာခင်ပြုလုပ်သွားဖို့ရှိပြီး NCA စာချုပ်ထဲက အချက်တွေကို မကြိုက်နှစ်သက်ဘူး ဆိုရင် NCA လမ်းကြောင်းထဲကနေ ဝင်ရောက်ပြီး ညှိနှိုင်းတိုင်ပင်လို့ရပါတယ်လို့ ပြောပါတယ်။

ဒီတစ်ကြိမ်တွေ့ဆုံမှုဟာ နောက်ဆုံးအကြိမ်တွေ့ဆုံတဲ့ ဆွေးနွေးပွဲဖြစ်ပါစေလို့ ဆန္ဒပြုကြောင်းလည်း ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်က ပြောခဲ့ပါတယ်။

UNFC အဖွဲ့က အဆိုပြုထားတဲ့ အချက် ၈ချက်ထဲမှာ အစိုးရနဲ့ တပ်မတော်က တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲကြောင်း စတင်ကြေညာဖို့၊ ၂၁ ရာစု ပင်လုံညီလာခံ ဆုံးဖြတ်ချက်တွေအပေါ် အခြေခံပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေအပါအဝင် ဥပဒေတွေ ရေးဆွဲပြဌာန်းဖို့ စတဲ့ အချက်တွေပါဝင်ပြီး အချက် ၄ ချက်လောက်ကို သဘောတူညီမှုရထားပြီလို့ နှစ်ဖက်ခေါင်းဆောင်တွေက ပြီးခဲ့တဲ့အကြိမ် ဆွေးနွေးပွဲတွေမှာ ပြောခဲ့ပါတယ်။

ဒါပေမယ့် UNFC အဖွဲ့က တောင်းဆိုထားတဲ့ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဖြစ်စဉ်ကို နိုင်ငံတကာက အစိုးရအဖွဲ့ ကိုယ်စားလှယ်တွေပါဝင်တဲ့ ကြီးကြပ်ရေးအဖွဲ့တွေနဲ့ စောင့်ကြည့်စစ်ဆေးဖို့ စတဲ့ အချက်တွေမှာတော့ သဘောတူညီမှုမရသေးဘဲ ကြန့်ကြာနေတာဖြစ်ပါတယ်။

အဲဒီပွဲကို တက်ရောက်လာတဲ့ နှစ်ဖက်ခေါင်းဆောင်တွေက ဆွေးနွေးပွဲ အချိန်ရှည်ကြာခဲ့ပြီ ဖြစ်တာကြောင့် နှစ်ဖက်လက်ခံနိုင်တဲ့ နည်းလမ်းကိုရှာဖွေပြီး ဒီပိတ်ဆို့တားဆီးနေတဲ့ အခက်အခဲတွေကို ကျော်လွှားဖို့ အချိန်တန်ပြီ ဖြစ်ကြောင်း ပြောကြပါတယ်။

ဒီနေ့ ဆွေးနွေးပွဲကို NCA စာချုပ်လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေထဲက KNU ကိုယ်စားလှယ် ပဒိုရွှေမောင်း၊ RCSS အဖွဲ့က ဒုတိယဗိုလ်မှူးကြီး စိုင်းငင်းနဲ့ ABSDF ခေါင်းဆောင် ရဲဘော်သံခဲတို့ လေ့လာသူအဖြစ် တက်ရောက်ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။