ပြည်တွင်းစစ်ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေးအတွက်ရည်ရွယ်ပြီး ရန်ကုန်မြို့ကနေ ကချင်ပြည်နယ် လိုင်ဇာမြို့အထိ လမ်းလျှောက်ခဲ့ကြသူတွေကို ပုဒ်မ ၁၈ နဲ့ ထောင်ချအရေးယူတာကို ကန့်ကွက်ရှုံ့ချတယ်ဆိုပြီး လိုင်ဇာငြိမ်းချမ်းရေးလမ်းလျှောက်အဖွဲ့က ရန်ကုန်မြို့၊ စမ်းချောင်း မြေနီကုန်းမှာ ဒီကနေ့ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့ကြပါတယ်။
မတရားပုဒ်မတွေနဲ့ ဖမ်းဆီးအရေးယူနေတာတွေကို ရပ်တန့်ပေးဖို့အတွက် တောင်းဆိုတာဖြစ်တယ်လို့ လိုင်ဇာငြိမ်းချမ်းရေးလမ်းလျှောက်အဖွဲ့က ကိုထက်အောင်လင်းက ပြောပါတယ်။
“ပြည်တွင်းစစ် ငြိမ်းချမ်းရေးအတွက် ရန်ကုန်မှ လိုင်ဇာသို့ ပုဒ်မ ၁၈ နဲ့ လမ်းလျှောက်ခြင်းအပေါ် ရှုံ့ချကန့်ကွက်တယ်၊ ဒီမိုကရေစီနိုင်ငံတော်နဲ့ မသင့်တော်သော ပုဒ်မ ၁၈ အပါအဝင် ပြည်သူလူထုလုံခြုံမှုကို အာမခံချက်မပေးနိုင်တဲ့ ဥပဒေများကို ကန့်ကွက်ရှုံ့ချတယ်၊ မတရားပုဒ်မများနဲ့ နောက်ထပ်ဖမ်းဆီးခြင်း ပြုလုပ်မှုကို ရပ်တန့်သွားပေးဖို့ အလေးအနက် တောင်းဆိုပါတယ်”
၂၀၁၃ ခုနှစ် ဇန်နဝါရီလ ၂၁ ရက်နေ့က ငြိမ်းချမ်းရေးရရှိဖို့အတွက်ရည်ရွယ်ပြီး ရန်ကုန်ကနေ တရုတ်နယ်စပ် လိုင်ဇာမြို့အထိ လမ်းလျှောက်ရာမှာ ရန်ကုန်တိုင်းအတွင်း ဖြတ်သန်းသွားခဲ့တဲ့ မြို့နယ် ၇ မြို့နယ်က ပုဒ်မ ၁၈နဲ့ ထောင်ဒဏ် ၇လ ချမှတ်လိုက်တာပါ။
အဲ့ဒီအတွက် ငြိမ်းချမ်းရေးရလာဒ်က ပုဒ်မ ၁၈ လား၊ ထောင်ဒဏ် ၇ လလား လို့ မေးခွန်းထုတ်ပြီး ပုဒ်မ ၁၈ ကို ဖျက်သိမ်းပေးဖို့ လှိုင်မြို့ နယ်တရားရုံးရှေ့မှာ မနေ့က တောင်းဆိုဆန္ဒပြခဲ့ကြပါတယ်။
ဒီကိစ္စကို နိုင်ငံတော်သမ္မတနဲ့ လွှတ်တော်အထိ တင်ပြသွားမယ်လို့လည်း ဒီကနေ့ သတင်းစာရှင်းလင်းပွဲမှာ လိုင်ဇာငြိမ်းချမ်းရေး လမ်းလျှောက်အဖွဲ့က ပြောကြားခဲ့ပါတယ်။