ကန့်ဘလူ မလယ်ရွာတိုက်ပွဲ PDF သုံးဦး သေဆုံး
2024.05.08

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် မလယ်ရွာမှာ မေလ ၇ ရက်နေ့က ပျူစောထီးစခန်းကို ဝင်ရောက်တိုက်ခိုက်မှုအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် သုံးဦး သေဆုံးခဲ့တယ်လို့ ကန့်ဘလူအခြေစိုက် (PDF) တပ်ဖွဲ့ဝင်တွေက RFA ကို ပြောပါတယ်။
မေလ ၇ ရက် မနက် ငါးနာရီခန့်က စဖြစ်တဲ့တိုက်ပွဲကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရတဲ့ မလယ်ရွာခံ သုံးထောင်ကျော်လည်း ဒီနေ့အထိ နေရပ်မပြန်နိုင်ကြသေးဘူးလို့ ကန့်ဘလူဒေသခံတွေက ပြောပါတယ်။
နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု အကြိမ် သုံးဆယ်ကျော်လုပ်ခဲ့ပြီး အရပ်သားငါးဦး ဒဏ်ရာရခဲ့သလို ကာကွယ်ရေးတပ်ဖွဲ့ဝင် တချို့လည်း ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
မလယ်ရွာပျူစောထီးစခန်းမှာ စစ်ကောင်စီတပ်၊ ရဲတပ်ဖွဲ့နဲ့ ပျူစောထီးပူးပေါင်းအဖွဲ့ အင်အား တစ်ရာနီးပါးရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကန့်ဘလူအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦးက မလယ်ရွာ ပျူစောထီးစခန်းထဲအထိ စီးနင်းနိုင်ခဲ့ပြီး လေကြောင်းတိုက်ခိုက်မှုကြောင့် ပြန်ဆုတ်ခဲ့ရတယ်လို့ RFA ကို ပြောပါတယ်။
“စခန်းထဲအထိ ရောက်ခဲ့တယ်။ စစ်ကူအင်အားရော လေကြောင်းတိုက်ခိုက်တာကြောင့်ရော စခန်းက ဘန်ကာတွေမီးရှို့ပြီး ပြန်ဆုတ်လိုက်တယ်။ PDF ဘက်က သုံးဦးကျဆုံးတယ်။ လက်နက် ဆယ်လက်လည်း ရခဲ့ပါတယ်”
မလယ်ရွာ ပျူစောထီးစခန်းသိမ်းတိုက်ပွဲမှာ Mi - 35 တိုက်ခိုက်ရေးရဟတ်ယာဥ်၊ Y - 12 ထောက်ပို့ယာဥ်အပြင် ဂျက်တိုက်လေယာဥ်တွေနဲ့ အကြိမ် သုံးဆယ်ကျော် တိုက်ခိုက်ခဲ့တယ်လို့ ကျွန်းလှ - ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့က မေလ ၇ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
ဒီအပေါ် စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းတာဝန်ရှိသူတစ်ဦးက မေလ ၇ ရက်နေ့က မလယ်ရွာမှာ နှစ်ဖက်တိုက်ပွဲဖြစ်ခဲ့တာရှိပြီး သာလွန်အင်အားနဲ့ လာရောက်တိုက်ခိုက်ခဲ့တာကြောင့် တပ်ဘက်က နယ်မြေရှင်းလင်းရေးတွေ လုပ်ခဲ့ကြောင်းနဲ့ ထိခိုက်သေဆုံးမှု အသေးစိတ်ကို မသိရသေးဘူးလို့ RFA ကို ပြောပါတယ်။