ပဇီကြီးရွာလေကြောင်းတိုက်ခိုက်ခံရမှု သေဆုံးသူ ၁၁၆ ဦးရှိနေပြီလို့ NUG ပြော

RFA Burmese
2023.04.12
ပဇီကြီးရွာလေကြောင်းတိုက်ခိုက်ခံရမှု သေဆုံးသူ ၁၁၆ ဦးရှိနေပြီလို့  NUG ပြော စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးရွာကို ဧပြီ ၁၁ ရက်နေ့က စစ်ကောင်စီတပ် လေကြောင်းကနေ ပစ်ခတ်ခဲ့လို့ သေဆုံးခဲ့သူတစ်ဦးနှင့် ပျက်စီးသွားသည့် ဆိုင်ကယ်တစ်စီး။
(ဓာတ်ပုံ-ကျွန်းလှ၊ ကန့်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့)

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးရွာကို ဧပြီ ၁၁ ရက်နေ့က စစ်ကောင်စီတပ်က လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်ခဲ့လို့ သေဆုံးခဲ့တဲ့အရပ်သား ၁၁၆ ဦးရှိပြီလို့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ အမျိုးသမီး၊ လူငယ်နှင့်ကလေးသူငယ်ရေးရာဝန်ကြီး နော်စူစန်နာလှလှစိုး ကပြောပါတယ်။

NUG စာရင်းအရ သေဆုံးသူတွေထဲ ၁၈ နှစ်အောက် ကလေးစုစုပေါင်း ၁၉ ဦးပါဝင်ပြီး ၁၈နှစ်အထက် လူကြီး ၉၇ ဦးပါဝင်ပါတယ်။

“အရပ်သားတွေကို ပစ်မှတ်ထားတယ်ဆိုတာ အင်မတန်မှ ကြီးလေးတဲ့ စစ်ရာဇဝတ်မှုဖြစ်ပါတယ်။ နိုင်ငံတကာရော ပြည်တွင်းဥပဒေအရပါ ကြီးလေးတဲ့ပြစ်မှုဖြစ်ပါတယ်။ အဲ့ဒါကြောင့် ကျူးလွန်တဲ့သူတွေကို တရားဥပဒေနဲ့အညီ နိုင်ငံတကာခုံရုံးတို့ နောက်ပြီး ပြည်တွင်းဥပဒေကြောင်းအရ ဆက်လက်ဆောင်ရွက်သွားမယ်။" လို့ NUG ဝန်ကြီး နော်စူစန်နာလှလှစိုး ကပြောပါတယ်။

NUG စာရင်းအရ သေဆုံးခဲ့တဲ့ကလေးငယ်တွေထဲမှာ ယောကျာ်းလေးရှစ်ဦး၊ မိန်းကလေး ၁၁ ဦးနဲ့ လူကြီးတွေထဲမှာ အမျိုးသား ၈၁ ဦးနဲ့ အမျိုးသမီး ၁၆ ဦး ပါဝင်ပါတယ်။

RFA က မေးမြန်းထားတဲ့ ဒေသခံတချို့ ပြောဆိုချက်တွေအရ ၁၈ နှစ်အောက် သေဆုံးသူကလေးငယ် ၂၂ ဦးရှိနေပါတယ်။

စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပဇီကြီးကျေးရွာကို ဧပြီ ၁၁ ရက်နေ့မနက်က လေကြောင်းကနေ တိုက်ခိုက်ခဲ့တာဟာသူတို့လုပ်ရပ်ဖြစ်တယ်လို့ စစ်တပ်ပိုင်မြန်မာ့အသံသတင်းဌာနကနေတစ်ဆင့် အဲဒီနေ့မှာပဲ ဝန်ခံခဲ့ပါတယ်။

ပဇီကြီးကျေးရွာမှာ PDF အဖွဲ့တွေဘက်က မိုင်းတွေထောင်ထားပြီး မိုင်းတွေကို သိုလှောင်ထားတဲ့ ခဲယမ်းထားတဲ့နေရာ တည့်တည့်ကို လက်နက်ကြီးထိမှန်လို့ အခုလို လူတွေသေဆုံးခဲ့တာလို့ သူကပြောပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG လူ့အခွင့်အရေးဝန်ကြီးဦးအောင်မျိုးမင်းကတော့ စစ်ကောင်စီဟာ ရည်ရွယ်ချက်ရှိရှိနဲ့ ပြည်သူတွေကို သတ်ဖြတ်ခဲ့တာဖြစ်ပြီး လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အမျိုးသမီးနဲ့ကလေးငယ်တွေအပါအဝင် လူအများအပြားသေဆုံးခဲ့ရတယ်လို့ မှတ်ချက်ပြုထားပါတယ်။ 

အမျိုးသားညီညွတ်ရေးအစိုးရ NUG အနေနဲ့ စစ်ကောင်စီရဲ့ ပဇီကြီးရွာ တိုက်ခိုက်မှုအတွက် ထိခိုက်ခဲ့တဲ့ ပြည်သူတွေကို အရေးပေါ် ကယ်ဆယ်ရေးတွေ လုပ်ဆောင်နေပြီး ဆေးတပ်ဖွဲ့တွေ လွှတ်ထားပေးတယ်လို့ ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။