ပေါင်းလောင်းကွင်းကို ပြန်ပေးဖို့ ပျဉ်းမနားမြို့ခံတွေ တောင်းဆို


2016.08.28
paunglaung-press-620.jpg ပေါင်းလောင်းအားကစားကွင်းပြန်လည်ရရှိရေး သတင်းစာရှင်းလင်းပွဲကို သြဂုတ်လ ၂၈ ရက်နေ့က ပျဉ်းမနားမြို့တွင် ကျင်းပနေစဉ်
Photo: Win Naung Toe/ RFA

နေပြည်တော် ပျဉ်းမနားမြို့က ပေါင်းလောင်းအားကစားကွင်းကို အများပြည်သူပိုင်ပြန်လည် သတ်မှတ်ပေးဖို့ မြို့ခံတွေက တောင်းဆိုလိုက်ပါတယ်။

ပေါင်းလောင်းအားကစားကွင်း ပြန်လည်ရရှိရေးအတွက် ဒီနေ့ ပျဉ်းမနားမြို့က ပျားရည်လွင်ပြင် စားသောက်ဆိုင်မှာ ကျင်းပတဲ့ သတင်းစားရှင်းလင်းပွဲမှာ မြို့မိမြို့ဖ တစ်ဦးဖြစ်တဲ့ ဦးကျော်မင်းဟန်က ပြောတာဖြစ်ပါတယ်။

"ပေါင်းလောင်းကွင်းသိမ်းထားတဲ့ ကိစ္စကို ပြန်ရဖို့ ဥပဒေကြောင်းအရ ရင်ဆိုင်ရမယ့်ကိစ္စတွေရှိတယ်၊ ဒီ့ထက်ပိုပြီး ကျယ်ကျယ်ပြန့်ပြန့်လုပ်မယ်ဆိုရင် ဆန္ဒထုတ်ဖော်တဲ့အစီအစဉ် လုပ်ပါမယ်ဆိုတာ အသိပေးလိုပါတယ်၊ တကယ်လည်းလုပ်မယ့်ကိစ္စပါ၊ မလုပ်လို့ ကျွန်တော်တို့ ဒီကိစ္စက အေးအေး လူလူ ပြန်ရနိုင် တဲ့အခြေအနေ မရှိပါဘူး"

ပေါင်းလောင်းကွင်း ပြန်လည်ရရှိရေးအတွက် နိုင်ငံတော်သမ္မထံ စာတင်ထားသလို လွှတ်တော် မှာလည်း ကိုယ်စားလှယ်ကတဆင့် မေးခွန်းမေးမြန်ထားကြောင်း နဲ့ ပေါင်းလောင်းအားကစားကွင်း ပြန်လည်ရရှိရေး ကြိုးပမ်းဆောင်ရွက်မယ့် ကော်မတီကို မြို့မိမြို့ဖတွေနဲ့ ဒီနေ့ ဖွဲ့စည်းလိုက်ပါတယ်။

လွန်ခဲ့တဲ့ ၁၉၇၃ ခုနှစ်က ပေါင်းလောင်းအားကစားကွင်းကို ပျဉ်းမနားမြို့ခံတွေက ကိုယ်ထူကိုယ်ထ စနစ်နဲ့ တည်ဆောက်ခဲ့တာဖြစ်ပါတယ်။

အရင်က ပေါင်းလောင်းအားကစားကွင်းဟာ ရပ်ကွက်၊ ကျေးရွာနဲ့ မြို့နယ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲတွေ ကျင်းပခဲ့တာဖြစ်ပြီး အခုအချိန်မှာ အားကစားဝန်ကြီးဌာနက ထိန်းသိမ်းထားတဲ့အတွက် မြို့ခံတွေက ဘောလုံး ပွဲတွေ ကျင်းပမယ်ဆိုရင် ကွင်းဝင်ကြေးပေးသွင်းပြီး အသုံးပြုနေရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

အဲ့ဒီအားကစားကွင်းဟာ ရန်ကုန် - မန္တလေးကားလမ်းဟောင်းဘေးမှာ ရှိတာဖြစ်ပြီး ကွင်းအနီးမှာ ဈေးဆိုင် ခန်းပေါင်း ၅၀ ကျော်ကို ငှားရမ်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။