ဖောင်းပြင်မြို့မှာ ကလေးတစ်ဦး အပါအဝင် ဒေသခံ ဆယ်ဦး ဖမ်းဆီးသတ်ဖြတ်ခံခဲ့ရ

RFA Burmese
2024.05.19
ဖောင်းပြင်မြို့မှာ ကလေးတစ်ဦး အပါအဝင် ဒေသခံ ဆယ်ဦး ဖမ်းဆီးသတ်ဖြတ်ခံခဲ့ရ စစ်ကိုင်းတိုင်း၊ ဖောင်းပြင်မြို့အား ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၂၂ ရက်နေ့က တွေ့ရစဉ်။
Citizen Journalist

စစ်ကိုင်းတိုင်း၊ မော်လိုက်ခရိုင်၊ ဖောင်းပြင်မြို့နယ် အင်းဝိုင်းရွာကို မေလ ၁၇ ရက်နေ့မနက်ပိုင်းမှာ စစ်ကောင်စီတပ်သားတွေ ဝင်ရောက်စီးနင်းပြီး ဒေသခံ ဆယ်ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့တယ်လို့ စစ်ဘေးဒုက္ခသည်တွေကို ကူညီပေးနေသူတွေနဲ့ ဒေသခံတွေက ပြောပါတယ်။

သတ်ဖြတ်ခံရသူတွေဟာ အသက် ၄၀ အရွယ်တွေဖြစ်တဲ့ ဦးသန်းလှ၊ ဦးသံလုံး၊ ဦးသိန်းထွန်း၊ ဒေါ်လှသိန်း၊ ဒေါ်ခင်စန်းအေး၊ ဒေါ်ဇာဇာမြင့်၊ ဒေါ်ချိုဇင်လင်း၊ ဒေါ်အဲစန်း၊ အသက် ၁၃ နှစ်အရွယ် မောင်စိုးထက်ဦးနဲ့ အမည်မသိရသေးသူတစ်ဦးတို့ ဖြစ်တယ်လို့ ဆိုပါတယ်။

ဖမ်းဆီးသတ်ဖြတ်ခံထားရသူတွေဟာ ညှဉ်းပန်းနှိပ်စက်ခံထားရတဲ့ ဒဏ်ရာတွေနဲ့ သေဆုံးနေတာတွေ့ရတယ်လို့ ဖောင်းပြင်မြို့မှာ စစ်ဘေးဒုက္ခသည်အရေး ကူညီနေသူတစ်ဦးက RFA ကို ပြောပါတယ်။

"အလောင်းတိုင်းမှာ သွေးခြည်ဥနေတာပေါ့။ ပြောရရင် မသတ်ခံရခင်မှာ လူတွေကို အကြိုက်နှိပ်စက်သွားတာ။ ပြီးမှသတ်ပစ်ခဲ့တာ။ အလောင်းခြောက်လောင်းကိုတော့ တစ်နေရာတည်းတွေ့တာ။ ကျန်တဲ့ အလောင်းတွေကတော့ ညပိုင်းမှာရှာတွေ့တာ"

သေဆုံးသူတွေကို မေလ ၁၇ ရက်နေ့ညပိုင်းမှာပဲ သင်္ဂြိုဟ်လိုက်တယ်လို့ ဆိုပါတယ်။

အင်အား ၁၅၀ ခန့်ပါ စစ်ကြောင်းဟာ ရွာကိုငါးနာရီကြာအောင် ဝင်ရောက်စီးနင်းခဲ့ပြီးနောက် မေလ ၁၇ ရက်နေ့ ညနေပိုင်းမှာ အင်းဝိုင်းရွာကနေ ပြန်ထွက်ခွာသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အင်းဝိုင်းရွာမှာ တိုက်ပွဲဖြစ်နေတာမျိုး မရှိဘူးလို့လည်း ဒေသခံတွေက ဆိုပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး တုံ့ပြန်မှုရဖို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးညွန့်ဝင်းအောင်ကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုခြင်း မရှိပါဘူး။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ မေလ ၁၇ ရက်နေ့အထိ စာရင်းအရ အာဏာသိမ်းသုံးနှစ်ကျော်အတွင်း စစ်ကောင်စီတပ်ကြောင့် နိုင်ငံတစ်ဝန်းမှာ အရပ်သား ၅,၀၉၈ ဦး သတ်ဖြတ်ခံခဲ့ရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။