ဖောင်းပြင်မှာ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားလေးဦး ဒဏ်ရာရ

RFA Burmese
2023.12.28
ဖောင်းပြင်မှာ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားလေးဦး ဒဏ်ရာရ ဖောင်းပြင်မြို့နယ် ရွှေထီးကုန်းရွာ ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၂၆ ရက်နေ့က လေကြောင်း တိုက်ခိုက်ခံရမှုတွင် ထိခိုက်ဒဏ်ရာရခဲ့သည့် ကလေးငယ်တစ်ဦးကို တွေ့ရစဉ်။
Citizen Journalist

စစ်ကိုင်းတိုင်း ဖောင်းပြင်မြို့နယ် ရွှေထီးကုန်းရွာကို ဒီဇင်ဘာလ ၂၆ ရက်နေ့ နေလယ်ပိုင်းမှာ စစ်ကောင်စီတပ်က စစ်ရဟတ်ယာဉ်ပေါ်ကနေ ဗုံးသီး ဆယ်လုံးလုံးကျော် ကြဲချတိုက်ခိုက်တာကြောင့် ကလေးတစ်ဦး အပါအဝင် အရပ်သား လေးဦး ဒဏ်ရာရခဲ့ပြီး နေအိမ်တချို့လည်း ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဆယ်နှစ်အရွယ် ကလေးတစ်ဦး၊ အသက် လေးဆယ်ကျော်အရွယ် အမျိုးသားသုံးဦး ဒဏ်ရာရခဲ့ပြီး ရွာမှာရှိတဲ့ လူနေအိမ် နှစ်ဆယ်နီးပါး ပျက်စီးခဲ့တယ်လို့ ဖောင်းပြင်မြို့နယ်က စစ်ဘေးဒုက္ခသည်တွေ အရေး အကူအညီပေးနေသူတစ်ဦးက RFA ကို ပြောပါတယ်။

"တကယ်က ရွာအနီးမှာရော၊ ရွာမှာရောက တိုက်ပွဲဖြစ်တာ လုံးဝမရှိဘူး။ စစ်ကောင်စီဘက်က ရွာမှာ လူနေမှန်း သိသိရဲ့နဲ့ ဗုံးကြဲသွားတာ။ အဓိကကတော့ ရွာကဈေးတန်းတွေနဲ့ နေအိမ်တွေ အကုန် ပျက်စီးကုန်တာပေါ့။ အိမ်တွေဆို လုံးဝကို နေလို့မရတော့အောင် ပျက်စီးတာ။ အမိုးအကာ၊ တစ်ခုမှကို ရစရာမရှိတော့ဘူး"

ထိခိုက်ဒဏ်ရာ ရသူတွေဟာ ခေါင်း၊ လက်နဲ့ ခြေထောက် စတဲ့ ခန္ဓာကိုယ်တွေမှာ ထိမှန်ခဲ့ပြီး လိုအပ်တဲ့ ဆေးဝါးကုသမှုတွေ လုပ်ပေးနေတယ်လို့ သူက ဆိုပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်ကို RFAက တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံ ဖြေဆိုတာ မရှိပါဘူး။

ရွှေထီးကုန်းရွာဟာ အိမ်ခြေ တစ်ရာကျော်နဲ့ လူဦးရေ လေးရာနီးပါး နေထိုင်ပြီး ရွာခံအများစုဟာ တောင်ယာ စိုက်ပျိုးရေး လုပ်ငန်းနဲ့ တစ်နိုင်တစ်ပိုင် ရွှေတူးဖော်ရေးလုပ်ငန်းတွေကို လုပ်ကိုင်ကြတယ်လို့ ဆိုပါတယ်။

ဒီဇင်ဘာလ ၂၁ ရက်ကတော့ ဖောင်းပြင်မြို့နယ် သရောင်းရွာ လေကြာင်းက တိုက်ခိုက်ခံရလို့ အသက် သုံးဆယ် အရွယ် အမျိုးသားတစ်ဦးသေဆုံးပြီး နောက်ထပ် အရပ်သား ဆယ်ဦး ဒဏ်ရာရခဲ့ပါတယ်။

ဒီဇင်ဘာလ ၁၆ ရက်နေ့ကလည်း ဖောင်းပြင်မြို့နယ် အနောက်ခမိုင်းရွာအနီး လေကြောင်းတိုက်ခိုက်ခံရမှုမှာ အသက် ခုနစ်နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး သေဆုံးပြီး အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။

RFA က ပြုစုထားတဲ့စာရင်းအရ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလကနေ နိုဝင်ဘာလအထိ (၁၁) လအတွင်း အရပ်သား ၇၃၀ ဦး သေဆုံးခဲ့ပြီး တစ်ထောင့်သုံးရာနီးပါး (၁၂၉၂ ဦး) ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။