ပေါင်မြို့နယ်မှာ ရေလုပ်သား ငါးဆယ်ခန့် ဝမ်းရောဂါကူးစက်နေ

RFA Burmese
2024.10.30
ပေါင်မြို့နယ်မှာ ရေလုပ်သား ငါးဆယ်ခန့် ဝမ်းရောဂါကူးစက်နေ ပေါင်မြို့နယ် အလှပ်ကျေးရွာတွင် ဝမ်းရောဂါဖြစ်ပွားနေသူများကို ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးနေသည်ကို ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၂၈ ရက်နေ့က တွေ့ရစဥ်။
Facebook/ စိတ္တသုခ လူမှုကူညီရေးအသင်း

မွန်ပြည်နယ်၊ ပေါင်မြို့နယ်မှာ ငါးဖမ်းစက်လှေလုပ်သား ငါးဆယ်ခန့် ဝမ်းရောဂါ ကူးစက်ခံထားရပြီး အဲဒီအထဲက ရောဂါပြင်းထန်သူတချို့ကို မော်လမြိုင်ဆေးရုံအထိ ပို့ဆောင်ကုသနေရတယ်လို့ ဒေသခံတွေက အောက်တိုဘာ ၃၀ ရက် ဒီနေ့မှာ ပြောပါတယ်။

ပင်လယ်ကမ်းစပ်ဘေးက ရွာတွေဖြစ်တဲ့ အလှပ်နဲ့ ဝဲပတန်ရွာက ရေလုပ်သားတွေတချို့ အောက်တိုဘာ တတိယပတ်ကစလို့ ဝမ်းရောဂါကူးစက်မှုတွေ ရှိနေတာလို့ စိတ္တသုခ လူမှုကူညီရေးအသင်း အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

“တိုက်နယ်ဆေးရုံက ဆရာဝန်က လှမ်းဆက်သွယ်လို့ မြို့နယ်ဆေးရုံကို ပို့ဆောင်ပေးခဲ့ပါတယ်။ လောလောဆယ် ကျွန်တော်တို့ ပို့ဆောင်ပေးခဲ့တာကတော့ ၂၈ ယောက်ပါ။ သေဆုံးမှုတွေကတော့ မရှိပါဘူး။ ပေါင်မြို့ပေါ်မှာတော့ ကူးစက်မှုတွေ မရှိသေးပါဘူး။ ကူးစက်ထားသူတွေကိုတော့ Camp သဘောမျိုးနဲ့ ဆေးရုံမှာပဲထားပြီး စောင့်ကြည့်ကုသမှု ပေးနေပါတယ်”

ရောဂါပြင်းထန်သူတချို့ကို မော်လမြိုင် ပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးထားပြီး တချို့ကတော့ အလှပ် တိုက်နယ်ဆေးရုံနဲ့ ပေါင်မြို့နယ် ပြည်သူ့ဆေးရုံမှာ ဆေးကုသမှု ခံယူနေရတယ်လို့ ဆိုပါတယ်။

ဒီအခြေအနေတွေနဲ့ပတ်သက်လို့ အသေးစိတ်သိနိုင်ဖို့ စစ်ကောင်စီရဲ့ မွန်ပြည်နယ်ပြောခွင့်ရသူ ပြည်နယ်လူမှုရေးဝန်ကြီး ဦးစောကြည်နိုင်ကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိသေးပါဘူး။

လက်ရှိမှာ ဝမ်းရောဂါကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ဖို့အတွက် ဝမ်းရောဂါ ဖြစ်ပွားတဲ့နေရာက ရေတွင်း၊ ရေကန်တွေကို ကလိုရင်းဆေးခတ်တာ၊ ဆေးဖြန်းတာတွေအပြင် ကူးစက်ပြန့်ပွားမှု ထိန်းချုပ်ရေးအတွက် အသိပညာပေးတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာအတွင်းကလည်း မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ် ကျိုက္ခမီမြို့မှာ ဝမ်းရောဂါကြောင့် ရေလုပ်သားခြောက်ဦး သေဆုံးခဲ့ပြီး ၁၂ ဦး ဆေးကုသမှု ခံယူခဲ့ရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။