ရခိုင်ရှစ်မြို့နယ်မှာ နိုင်ငံတကာအကူအညီပေးခွင့် ပိတ်ပင်ခံထားရ

ရခိုင်ပြည်နယ်က မြို့နယ် ခြောက်ခုမှာ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းတွေ ရဲ့ အကူအညီအထောက်အပံ့တွေကို စစ်ကောင်စီတပ်က ပြီးခဲ့တဲ့ စက်တင်ဘာလကတည်းက ပိတ်ပင်တားမြစ်ထားပြီး အခု ပေါက်တောမြို့နယ်နဲ့ ကျောက်တော်မြို့နယ် ကိုပါ ထပ်မံပိတ်ပင်လိုက်တယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး UNOCHA က နိုဝင်ဘာ ၂၃ ရက် မနေ့က ထုတ်ပြန်ပါတယ်။
လူသားချင်းစာနာမှုအကူအညီတွေအတွက် ပေါက်တောမြို့နယ်ကို သွားလာခွင့်မရတော့ သလို ကျောက်တော်မြို့နယ်ဆိုရင်လည်း မြို့တွင်းသာ ဝင်ရောက်ခွင့်ရတော့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ရခိုင်ပြည်နယ် ဘူးသီးတောင်၊ ကျောက်ဖြူ၊ ကျောက်တော်၊ မင်းပြား၊ တောင်ကုတ် စတဲ့ မြို့နယ်တွေအပါအဝင် မြို့နယ်အများအပြားမှာ ရှာဖွေဖမ်းဆီးမှုတွေလည်း တိုးမြှင့် လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။
တစ်ဖက်မှာလည်း အရပ်သားတွေသွားလာမှုနဲ့ ကုန်စည်ပို့ဆောင်မှုတွေကို ကန့်သတ်ပိတ်ပင်ထားဆဲဖြစ်ပြီး အစားအသောက်တွေ၊ ဆေးဝါးအပါအဝင် အဓိကကုန်ပစ္စည်းတွေ ရှားပါးလာတာ၊ ဈေးနှုန်းတွေ မြင့်တက်လာတာကြောင့် စိုးရိမ်ကြောင့်ကြမှုတွေ မြင့်တက်နေတယ်လို့ UNOCHA က ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ ရခိုင်ပြည်နယ် စစ်တွေမြို့နဲ့ ပေါက်တော၊ ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင် စတဲ့မြို့နယ်တွေမှာ ခရီးသွားလာခွင့်နဲ့ ကုန်စည်ပို့ဆောင်ခွင့်တွေကို ပိတ်ပင်ထားတာလို့ ဒေသခံတွေက RFA ကိုပြောပါတယ်။
အခုလို နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ လူသားချင်းစာနာမှုအကူအညီတွေ ပေးခွင့်မရတာ၊ ဒေသတွင်း သွားလာမှုတွေ၊ ကုန်စည်စီးဆင်းမှုတွေကို ပိတ်ပင်ကန့်သတ်ထားတာနဲ့ ပတ်သက်လို့ ရခိုင်ပြည်နယ် စစ်ကောင်စီပြောခွင့်ရ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်မေးမြန်းခဲ့ပေမယ့် အကြောင်းမပြန်ပါဘူး။
စစ်ကောင်စီတပ်ဟာ ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံမြို့နယ်တွေကို ကုလသမဂ္ဂအပါအဝင်၊ NGO၊ INGO ပြည်တွင်းပြည်ပ လူမှုအဖွဲ့အစည်းတွေရဲ့ လူသားချင်းစာနာမှုထောက်ပံ့ရေးအတွက် သွားလာခွင့်ကို ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၅ ရက်နေ့ကစလို့ ပိတ်ပင်ထားတာဖြစ်ပါတယ်။