ပေါက်မြို့နယ်မှာ လက်နက်ကြီးကြောင့် ကလေးတစ်ဦးနဲ့ အရပ်သားတစ်ဦး သေဆုံး

ပေါက်မြို့နယ်၊ ခင်ရှည်(တောင်) ရွာမှာ အောက်တိုဘာ ၄ ရက်နေ့မှာ စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် ကလေးတစ်ဦးနဲ့ အရပ်သားတစ်ဦး သေဆုံးသွားပြီး နှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

မကွေးတိုင်း၊ ပေါက်မြို့နယ်မှ ဒေသခံများအား ၂၀၂၃ ခုနှစ်၊ ဧပြီလ ၂၆ ရက်နေ့က တွေ့ရစဉ်။ Successful Force - Pauk

မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ခင်ရှည်(တောင်) ရွာမှာ အောက်တိုဘာလ ၄ ရက်နေ့ ညနေပိုင်းက စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် ကလေးတစ်ဦးနဲ့ အရပ်သားတစ်ဦး သေဆုံးသွားပြီး နှစ်ဦး ထိခိုက်ဒဏ်ရာရတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

စစ်ကောင်စီတပ်က ပစ်တဲ့ လက်နက်ကြီးဟာ လူနေအိမ်ထဲ ကျရောက်ပေါက်ကွဲပြီး အသက် တစ်နှစ်ခွဲအရွယ် မိန်းကလေးတစ်ဦးနဲ့ သူ့ရဲ့ အဘွားဖြစ်သူ အသက် ၆၁ နှစ်အရွယ် ဒေါ်ဒေါင်းတင် တို့သေဆုံးပြီး နောက်ထပ် အမျိုးသားနှစ်ဦး ထိခိုက်ဒဏ်ရာရသွားတယ်လို့ ဆိုပါတယ်။

ပေါက်မြို့နဲ့ ခင်ရှည် (တောင်) ရွာဟာ လေးမိုင်ခန့်အကွာမှာရှိပြီး စစ်ကောင်စီတပ်က ပေါက်မြို့ ပေါ်က တပ်စခန်းကနေ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

"တိုက်ပွဲရှိဖြစ်တော့ မဟုတ်ဘူး၊ စစ်ကြောင်းထိုးတာလည်း မရှိဘူးဗျ။ ပေါက်မြို့ စစ်ကောင်စီတပ်စခန်းကနေ ပစ်တာ ရွာထဲတည့်တည့်ကျတာ အိမ်တွေလည်း ပျက်စီးသွားတယ်။ ကလေးလေးကတော့ နားကနေ ထိသွားတယ်။ အမျိုးသမီးကတော့ ပေါင်ပြတ်ထွက်သွားတယ်။ သေဆုံးတဲ့ ကလေးနဲ့ အမျိုးသမီးကတော့ မြေးအဘွားတော်တယ်"

ဒါနဲ့ပတ်သက်လို့ တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ မကွေးတိုင်း ပြောခွင့်ရသူ လူမှုရေးရာ၀န်ကြီး ဦးမျိုးမြင့်ကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ပေမဲ့ လက်ခံဖြေကြားတာမရှိပါဘူး။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ အောက်တိုဘာလ ၄ ရက် ထုတ်ပြန်ချက်အရ စစ်တပ်အာဏာသိမ်းပြီးနောက် ကလေးတွေအပါအဝင် အရပ်သား ၅၇၅၈ ဦး သေဆုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org