မကွေးတိုင်း၊ ပေါက်မြို့နယ်ကို ဒီဇင်ဘာလ ၆ ရက်ကစလို့ စစ်ကောင်စီတပ်က နယ်မြေရှင်းလင်းရေး လုပ်နေပြီး ဒီဇင်ဘာလ ၁၉ ရက် ဒီကနေ့ အထိ ကျေးရွာရှစ်ရွာက နေအိမ် ၄၁၁ လုံး မီးရှို့ဖျက်ဆီးခံထားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကူးကားကျေးရွာက နေအိမ် ၁၁ လုံး၊ ခင်တန်းရှည် ( ရွာတန်းရှည် ) ရွာက နေအိမ် ၁၇ လုံး၊ ကျသိုက်ရွာက နေအိမ် ၅၀၊ ဖားအရွာက နေအိမ် ခုနစ်လုံး၊ သစ်ညီနောင်ရွာက နေအိမ်ငါးလုံး၊ လယ်လမ်းရွာက နေအိမ် ၂၆၀ လုံး ၊ သရဖီရွာက နေအိမ် ၅၂ လုံး နဲ့ ထောက်ရှာပင်ရွာက နေအိမ် ကိုးလုံး မီးလောင်ပျက်စီးခဲ့တာပါ။
ဒီဇင်ဘာလ ၁၈ ရက် မနေ့ညကလည်း စစ်ကောင်စီတပ်ဟာ ထောက်ရှာပင်ရွာကို ဝင်ရောက် မီးရှို့ခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
"ထောက်ရှာပင်က မနေ့ညက မီးရှို့တယ်ဗျ။ နေအိမ် ကိုးလုံး မီးလောင်ပြာကျသွားတယ်။ တိုက်ပွဲဖြစ်တာ မရှိဘူးဗျ။ စစ်ကြောင်းထိုးတယ်။ ညအိပ်စခန်းချ မီးရှို့ပြီး ဒီမနက်တော့ ပြန်ထွက်သွားတယ်"
မီးရှို့ဖျက်ဆီးခံရတဲ့ရွာက ဒေသခံတွေ ရပ်တည်ရေးအတွက် အစစအရာရာ ခက်ခဲသွားတယ်လို့ သူက ပြောပါတယ်။
မကွေးတိုင်းအတွင်း အရပ်သားတွေနေထိုင်တဲ့ ရွာတွေကို စစ်ကောင်စီတပ်တွေ ဝင်ရောက် မီးရှို့တာနဲ့ ပတ်သက်လို့ စစ်ကောင်စီ မကွေးတိုင်း ပြောရေးဆိုခွင့်ရှိသူ ဦးစိုးပိုင်မြင့်ကို RFA က ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။
စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ သူ့ရဲ့တပ်သားတွေဟာ အရပ်သားတွေရဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာ မရှိဘူးလို့ ဒီနှစ်သြဂုတ်လ ၁၇ ရက်မှာ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
နေအိမ်မီးရှို့ခံရမှုတွေကို စာရင်းပြုစုနေတဲ့ Data for Myanmar အဖွဲ့ကတော့ အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ မီးရှီု့ဖျက်ဆီးမှုတွေကြောင့် မကွေးတိုင်းက နေအိမ် ၇၈၁၈ လုံးအပါအဝင် နိုင်ငံတစ်ဝန်းမှာ နေအိမ် လေးသောင်းနီးပါး (၃၈၃၈၃လုံး) မီးလောင်ပျက်စီးခဲ့တယ်လို့ ဒီဇင်ဘာလ ၁၀ ရက်မှာ သတင်းထုတ်ပြန် ခဲ့ပါတယ်။