ပုသိမ်ကြီးမြို့နယ် ရဲတပ်ဖွဲ့မှူး သေနတ်ဒဏ်ရာနဲ့ သေဆုံး

မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး မျိုးညွန့်သန်းဟာ ဒီနေ့မနက် ၇ ခွဲအချိန်မှာ သေနတ်ဒဏ်ရာနဲ့ သေဆုံးသွားတယ်လို့ ရဲတပ်ဖွဲ့ထံက သိရပါတယ်။

မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ် ရဲစခန်းကို တွေ့ရစဉ် Photo: Khaymani Win/RFA

မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး မျိုးညွန့်သန်းဟာ ဒီနေ့မနက် ၇ နာရီခွဲအချိန်မှာ သေနတ်ဒဏ်ရာနဲ့ သေဆုံးသွားတယ်လို့ ရဲတပ်ဖွဲ့ထံက သိရပါတယ်။

ရဲမှူး မျိုးညွန့်သန်းဟာ သူရဲ့နေအိမ် ကြမ်းခင်းပေါ်မှာ သေနတ်ဒဏ်ရာနဲ့ သေဆုံးနေတာဖြစ်ကြောင်း ပုသိမ်ကြီးမြို့နယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးရဲမင်းဦးက RFA ကို အတည်ပြုပြောဆိုပါတယ်။

ရဲတပ်ဖွဲ့မှူး သေဆုံးတဲ့ကိစ္စနဲ့ ပတ်သက်ပြီး သိရှိနိုင်ဖို့ ပုသိမ်ကြီးမြို့နယ် ရဲစခန်းရှေ့မှာ သတင်းထောက်တွေက သွားရောက်စောင့်ဆိုင်းခဲ့ပေမယ့် ရဲတပ်ဖွဲ့ တာဝန်ရှိသူတွေကတော့ ဒီနေ့ ညနေပိုင်းအထိ တစ်စုံတစ်ရာ ထုတ်ပြန်ပြောဆိုတာ မရှိသေးပါဘူး။ အမည်မဖော်လိုတဲ့ ရဲအရာရှိတစ်ဦးကတော့ အမှုကို စစ်ဆေးနေဆဲဖြစ်ကြောင်း ပြောပါတယ်။

ပုသိမ်ကြီးမြို့နယ် ရဲတပ်ဖွဲ့မှူး သေဆုံးမှုနဲ့ ပတ်သက်ပြီး တိုင်းရဲတပ်ဖွဲ့ တာဝန်ရှိသူတွေ၊ စီအိုင်ဒီ ရဲတပ်ဖွဲ့ဝင်တွေ လာရောက်စစ်ဆေးနေပါတယ်။

အောင်သပြေကျေးရွာသား ဦးထွန်းမြင့်ဝင်း အိုးဘိုအကျဉ်းထောင်မှာ ဖမ်းဆီးခံရစဉ် သေဆုံးသွားတဲ့ကိစ္စနဲ့ ပတ်သက်ပြီး စီအိုင်ဒီ ရဲတပ်ဖွဲ့က သေဆုံးသွားတဲ့ ရဲမှူး မျိုးညွန့်သန်းကို ပြီးခဲ့တဲ့ ရက်ပိုင်းက စစ်ဆေးတာတွေရှိခဲ့တယ်လို့ သိရပါတယ်။

ကိုထွန်းမြင့်ဝင်းဟာ အောင်သပြေကျေးရွာသားတွေနဲ့ ရဲတပ်ဖွဲ့ ပဋိပက္ခဖြစ်ပွားရာမှာ ပါဝင်ခဲ့တယ်ဆိုပြီး ဇွန်လ ၂ ရက်နေ့က ဖမ်းဆီးခဲ့ပြီး သုံးရက်အကြာ ဇွန်လ ၅ ရက်နေ့က မန္တလေး အိုးဘိုထောင်ဆေးရုံမှာ သေဆုံးခဲ့တာဖြစ်ပါတယ်။

အိုးဘိုအကျဉ်းထောင်ကို မရောက်ခင်မှာ ကိုထွန်းမြင့်ဝင်းကို ပုသိမ်ကြီးမြို့နယ်က ရဲစခန်းမှာ ဖမ်းဆီးစစ်ဆေးတာတွေ ရှိခဲ့ပါတယ်။

အဲဒီသေဆုံးမှုနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးရေးဖွဲ့ပြီး စတင်စစ်ဆေးနေတယ်လို့ နေပြည်တော် အကျဉ်းဦးစီးဌာန ဒု-ညွှန်ကြားရေးမှူး ဦးမင်းထွန်းစိုးက RFA ကို ပြောဆိုထားပါတယ်။

ဒီသတင်းကို RFA သတင်းထောက် မခေမဏီဝင်း ပေးပို့တာပါ။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org