အီးယူ အထွေထွေသက်သာခွင့် ပြန်ရရေး ၁၁ ပါတီ တောင်းဆို

ရွေးကောက်ပွဲဝင် ပါတီ ၁၁ ပါတီက မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး အီးယူရဲ့ Generalized System of Preferences ( GSP ) ခေါ် အထွေထွေ သက်သာခွင့် ပြန်လည်ရရှိရေးအတွက် မေတ္တာရပ်ခံစာ တစောင် ဥရောပ သမဂ္ဂကို ပေးပို့လိုက်ပါတယ်။

2011.04.28
thu_wai_BMA_conference_305_Z.jpg ဒီမိုကရက်တစ်ပါတီ-မြန်မာပြည်၏ ဥက္ကဋ္ဌ ဦးသုဝေ ဖြစ်ပါသည်။ (Photo: RFA)
(Photo: RFA)

ဒီစာကို ရေးသားပေးပို့ဖို့ ဧပြီ ၂၈ ရက် ဒီကနေ့ မွန်းလွဲပိုင်းက ဒီမိုကရက်တစ်ပါတီ ( မြန်မာပြည်) ရုံးမှာ စည်းဝေးခဲ့ကြပါတယ်။

ဒီကနေ့ ပေးပို့တဲ့ စာနဲ့ ပတ်သက်ပြီး ဒီမိုကရက်တစ် ပါတီရဲ့ ဥက္ကဋ္ဌ ဦးသုဝေက အခုလိုပြောပါတယ်။

“မူအားဖြင့်ကတော့ သူတို့ရဲ့ အဆုံးအဖြတ်ကို ကျွန်တော်တို့ လေးစားတယ်ပေါ့နော်။ အဲ သူတို့ လျှော့ပေးတာကိုလည်း ကျွန်တော်တို့ ကျေးဇူးတင်တယ်၊ အဲဒီလို ကျွန်တော်တို့က သူတို့ကို ပြောပြပါတယ်။ ကျန်တဲ့ဟာတွေကိုလည်းပဲ ကျွန်တော်တို့ ဆက်ပြီးတော့ သူတို့ လုပ်ပေးနိုင်တဲ့ ဟာတွေကို ဆက်ပြီးတော့ လုပ်ပေးပါ၊ ကျွန်တော်တို့ကလည်းပဲ ဒီအစိုးရက လုပ်ပေးနိုင်တာတော့ အစိုးရလည်း တိုက်တွန်းမှာပါ၊ အဲဒါတွေကို ကျွန်တော်တို့က သူတို့ကို ပြောပြတာပေါ့နော်။”

ပေးပို့တဲ့ စာမှာ လွန်ခဲ့တဲ့ ၁၅ နှစ်လောက်က မြန်မာနိုင်ငံကို အခွင့်အရေးတရပ်အဖြစ် ပေးထားတဲ့ အထွေထွေ သက်သာခွင့် (GSP) ကို ဥရောပသမဂ္ဂဆီက ပြန်လည်ရရှိဖို့ အဓိက မေတ္တာရပ်ခံလိုက်တာပါ။

ဒီ စာကို ရွေးကောက်ပွဲဝင်ပါတီ ၁၀ ပါတီအပြင် မွန်အမျိုးသားလုံးဆိုင်ရာ ဒီမိုကရက်တစ်ပါတီကပါ ပါဝင် လက်မှတ်ရေးထိုးခဲ့တာကြောင့် စုစုပေါင်း ၁၁ ပါတီအနေနဲ့ ဥရောပသမဂ္ဂဆီကို စာပေးပို့ခဲ့တာ ဖြစ်ပါတယ်။

ဥရောပသမဂ္ဂက မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ ကန့်သတ် ပိတ်ဆို့မှုတွေကို ရုပ်သိမ်းပေးဖို့ ရွေးကောက်ပွဲဝင်ပါတီ ၁၀ ပါတီက ပြီးခဲ့တဲ့ လအတွင်းက ပန်ကြားခဲ့ပါတယ်။ မကြာခင်ကတော့ ဥရောပသမဂ္ဂက စစ်အစိုးရခေါင်းဆောင်တွေရဲ့ ခရီးသွားလာခွင့်နဲ့ ပတ်သက်ပြီး လျှော့ပေါ့ပေး ခဲ့ပါတယ်။

ဒီ ပေးပို့တဲ့ စာနဲ့ပတ်သက်ပြီး RFA မှ ဦးတင်အောင်ခိုင်က ဒီမိုကရက်တစ် ပါတီရဲ့ ဥက္ကဋ္ဌ ဦးသုဝေကို ဆက်သွယ် မေးမြန်းခဲ့ပါတယ်။

ဆက်သွယ်မေးမြန်းချက်
အသံဖိုင်ယူရန်

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။