လွှတ်တော်မှာ စက်ခလုပ်နှိပ် ကိုယ်စားပြုမဲပေးခွင့် ပိတ်ပင်


2015.06.11
parliament-620.jpg ပြည်ထောင်စုလွှတ်တော် အစည်းအဝေးကျင်းပနေစဉ်
Photo: RFA

လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ စက်ခလုတ်နှိပ်မဲပေးရာမှာ တခြားကိုယ်စားလှယ်တွေအတွက်ပါ မဲပေးတာတွေမပြုလုပ်ကြဖို့ ပြည်ထောင်စုလွှတ်တော်ရုံးက ညွှန်ကြားချက်ထုတ်ပြန်လိုက်ပါတယ်။

စက်ခလုပ်နှိပ်မဲပေးရာမှာ ကိုယ်စားလှယ်တွေက ကိုယ်စားမဲပေးခိုင်းတာတွေရှိတာကြောင့် အခုလိုညွှန်ကြားချက် ထုတ်ပြန်တာဖြစ်တယ်လို့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က ပြောပါတယ်။

"မတ်တပ်ရပ် မဲခွဲတာမျိုးကတော့ လူနဲ့ကိုယ်စားလုပ်လို့ မရဘူးပေါ့နော်၊ စက်ခလုပ်ကျတော့ အနီးကလူကနှိပ် လို့ရတယ်၊ ကာယကံရှင်ကလည်း မှာလို့နှိပ်ကြတာပါ၊ အဲ့ဒါကို ခွင့်မပြုဘူးဆိုတော့လည်း ဟိုဟာဖြစ်ရုံပါပဲ၊ ဥပမာ ကျနော်ဆိုလို့ရှိရင် အပေ့ါအပါးသွားရင်းနဲ့ ဘေးကလူကို ဥပဒေကြမ်းဘက်က ထောက်ခံပေးပါဆိုပြီး ကျနော်ကိုယ်တိုင်မှာပြီး မဲပေးခိုင်းတာရှိပါတယ်၊ စက်ခလုပ်နဲ့ မဲပေးတာတွေက သိပ်အရေးကြီးတဲ့မဲတွေ မဟုတ်ပါဘူး"

ပြည်ထောင်စုလွှတ်တော်ရဲ့ ညွှန့်ကြားစာမှာ လွှတ်တော်အစည်းဝေးခန်းမအတွင်း ဓါတ်ပုံ၊ ဗွီဒီယို ရိုက်ကူးခြင်းမလုပ်ဖို့ ၊ လွှတ်တော်အစည်းအဝေးအတွင်း ကိုယ်စားလှယ်တွေအနေနဲ့ စာရွက်စာတမ်းဖြန့်ဝေလိုရင် လွှတ်တော်နာယက သူရဦးရွှေမန်းရဲ့ ခွင့်ပြုချက်ရယူပြီးမှသာ ဆောင်ရွက်ဖို့နဲ့ လွှတ်တော်ကျင်းပနေချိန်မှာ အစည်းဝေးခန်းမကနေ ထွက်ခွာဖို့ရှိမယ်ဆိုရင် ကိုယ်စားလှယ်ကတ်ပြား အပ်နှံရမယ်ဆိုတဲ့အချက်တွေလည်း ပါဝင်ပါတယ်။

ဒါ့အပြင် အရင်က သတင်းမီဒီယာတွေကို လွှတ်တော်တွင်းမှာ သတင်းယူခွင့်ပေးခဲ့ပေမယ့် အခုပိတ်ပင်လိုက်ပြီ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။