လက်ကိုင်ဖုန်းအသုံးပြုသူတွေ ထံက အခွန်ငွေကောက်ယူမယ့် အစီအစဉ် လွှတ်တော်ရွှေ့ဆိုင်း
2015.05.27

လက်ကိုင်မိုဘိုင်းလ်ဖုန်းသုံးစွဲသူတွေဆီက ကုန်သွယ်ခွန် ၅ ရာခိုင်နှုန်းကောက်ခံမယ့် အစီအစဉ်ကို တစ်နှစ်တိတိ ဆိုင်းငံ့ထားဖို့ ပြည်ထောင်စုလွှတ်တော်က ဒီနေ့ဆုံးဖြတ်လိုက်ပါတယ်။
ဆက်သွယ်ရေးဝန်ကြီးဌာနက ဒီလ ၁၈ ရက်မှာ အဲဒီ့ကောက်ခံမယ့်အစီအစဉ်ကို ကြေညာခဲ့ရာ အမရပူရမြို့ နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းထွန်းဦး က ဆိုင်းငံ့ဖို့ အဆိုတင်သွင်းပြီး ကိုယ်စားလှယ် ၆ ဦးက ဒီကနေ့ ဆွေးနွေးအတည်ပြုလိုက်တာပါ။
မိုဘိုင်းလ်ဖုန်းကုန်သွယ်ခွန် ၅ ရာခိုင်နှုန်းကောက်ခံမှုနဲ့ ပတ်သက်ပြီး ထည့်သွင်း စဉ်းစားသင့်တာတွေကို ဘဏ္ဍာရေးဝန်ကြီး ဦးဝင်းရှိန်က လွှတ်တော်မှာ အခုလို တင်ပြခဲ့ပါတယ်။
"ဖုန်းငွေဖြည့်ကတ်ပြားအပေါ် ကုန်သွယ်လုပ်ငန်းခွန်ကောက်ခံခြင်းဟာ ကျယ်ပြန့်တဲ့အခွန်အခြေခံ ကို ဖော်ဆောင်တဲ့နည်းလမ်းတစ်ခုဖြစ်ပြီးတော့ နိုင်ငံတကာမှာ ကျင့်သုံးဆောင်ရွက်တဲ့ အခွန်ကောက်ခံမှုစနစ် အတိုင်း ကောက်ခံဖို့ဖြစ်ပါတယ်၊ ၂၀၁၅ ခုနှစ် ပြည်ထောင်စုရဲ့ အခွန်ကောက်ဥပဒေနဲ့အညီ အခွန်ကောက်ခံ မှုဆောင်ရွက် တာဖြစ်ပါတယ်၊ အစိုးရရဲ့အသုံးစရိတ်ကိုရေရှည်မှာ အခွန်ရငွေအပေါ်မှာသာ အဓိက ရပ်တည်နိုင်ရေး အကောင်အထည်ဖော်ဆောင်ရွက်နေ တာဖြစ်ပါတယ်၊ ၂၀၁၅၊ ၂၀၁၆ ဘဏ္ဍာရေးနဲ့ အခွန် အရပ်ရပ် ကောက်ခံရေးလျာထားချက် ပြည့်နိုင်မှုကိုလည်း ထည့်သွင်းစဉ်းစားရမှာဖြစ်ပါတယ်၊ ပြည်သူလူထုရဲ့ သဘောဆန္ဒကို ထည့်သွင်းစဉ်းစားရန်လိုပါတယ်"
အဲဒီ့နောက် ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက လွှတ်တော်ရဲ့ အဆုံးအဖြတ်ကိုရယူရာမှာ ကန့် ကွက်မယ့်သူမရှိတာကြောင့် မိုဘိုင်းဖုန်း ကုန်သွယ်ခွန် ၅ ရာခိုင်နှုန်းကောက်ခံဖို့ ရွှေ့ဆိုင်းလိုက်တာဖြစ်ပါတယ်။
အဲဒီလိုရွှေ့ဆိုင်းလိုက်တဲ့အတွက် ၂၀၁၅-၂၀၁၆ ပြည်ထောင်စုအကောက်အခွန် ဥပဒေကို ပြန်လည်ပြင်ဆင်ရေးဆွဲ ရမှာဖြစ်ပါတယ်။
ဒီအကြောင်း RFA သတင်းထောက် မခင်ပြည့်စုံတင်ပြထားတာ နားဆင်နိုင်ပါတယ်။