လွှတ်တော်တွင်းဆွေးနွေးချက် ပြည့်စုံစွာ ဖော်ပြပေးရန် ပြန်ကြားရေး ဝန်ကြီးဌာနကို တိုက်တွန်း

နေပြည်တော် လွှတ်တော်မှာ ဘာတွေ ဆွေးနွေးနေကြသလဲ ဆိုတာကို တစ်နိုင်လုံးက ပြည်သူတွေ သိသင့်တဲ့အတွက် ပြန်ကြားရေး ဝန်ကြီးဌာနအနေနဲ့ လွှတ်တော်တွင်း ဆွေးနွေးချက်တွေကို ပြည့်ပြည့်စုံစုံ ဖော်ပြဖို့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းက ဒီကနေ့ကျင်းပတဲ့ လွှတ်တော် အစည်းအဝေးမှာ တိုက်တွန်း ပြောကြားလိုက်ပါတယ်။

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း လွှတ်တော်အစည်း အဝေး တက်ရောက်နေစဉ်။ RFA

"အခု ကော်မရှင်ဆိုင်ရာ မေးမြန်းမှု၊ ဖြေကြားမှု၊ လွှတ်တော်စစ်ဆေးရေး အဖွဲ့ဆိုင်ရာ မေးမြန်းမှု၊ ဖြေကြားမှုများဟာ ဒီနေ့ ဒီအချိန်မှာ အရေးကြီးတဲ့ မေးခွန်း၊ အရေးကြီးတဲ့ ဖြေကြားမှုများ ဖြစ်ပါတယ်။ မေးမြန်းမှုနဲ့ ဖြေကြားမှုများကို လွှတ်တော် ကိုယ်စားလှယ်များတင်မက နိုင်ငံတဝှမ်းလုံးမှာ ရှိတဲ့ မိဘပြည်သူအားလုံး သိရှိနိုင်ရေးဟာ အင်မတန်မှ အရေးကြီးတဲ့ အချိန်အခါ ဖြစ်ပါတယ်။ ဒါကြောင့် ပြန်ကြားရေး ဝန်ကြီးဋ္ဌာနအနေနဲ့ လွှတ်တော်ကမေးတဲ့ မေးခွန်းများနဲ့ သက်ဆိုင်ရာ ကော်မရှင်၊ သက်ဆိုင်ရာ စစ်ဆေးရေးအဖွဲ့တို့က ဖြေကြားမှုများကို ပြည့်စုံစွာ ဖော်ပြပေးဖို့ လွှတ်တော်ကတဆင့် တိုက်တွန်းပါတယ်"

လွှတ်တော်တွင်း ဆွေးနွေးချက်တွေကို ပြန်ကြားရေး ဝန်ကြီးဌာနက ထုတ်ဝေတဲ့ အစိုးရပိုင် သတင်းစာတွေမှာ အပြည့်အစုံ မဖော်ပြတဲ့အတွက် လွှတ်တော်အမတ်တွေအကြား မကျေမနပ် ဖြစ်ကြရတယ်လို့ သိရပါတယ်။

ဒီအတောအတွင်း အမျိုးသားလွှတ်တော်ရဲ့ ဆုံးဖြတ်ချက်နဲ့ အခြေခံဥပဒေခုံရုံးအား စွပ်စွဲပြစ်တင်ခြင်း ကိစ္စကို ပြည်သူ့လွှတ်တော် စုံစမ်းရေးအဖွဲ့က စစ်ဆေးရန် ခုံရုံးကို အကြောင်းကြားခဲ့ပေမဲ့ တစ်ဦးတစ်ယောက်မှ လာရောက်စစ်ဆေးခံခြင်း မရှိတဲ့အတွက် ခုံရုံးအဖွဲ့ဟာ အခြေခံဥပဒေကို မခန့်လေးစား လုပ်နေခြင်းသာဖြစ်ကြောင်း စုံစမ်းရေးအဖွဲ့ဝင် ဦးဝင်းမြင့်က ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ ပြောကြားလိုက်ပါတယ်။

"စွပ်စွဲခံရသူများသည် လူကိုယ်တိုင် လာရောက်ခြင်း သော်လည်းကောင်း၊ စာဖြင့်ဖြေရှင်း တင်ပြခြင်း သော်လည်းကောင်း မပြုလုပ်ခဲ့ကြပါ။ စွပ်စွဲခံရသူများ၏ ဤသို့ပြုမူမှုသည် ပြည်သူ့လွှတ်တော်ကိုလည်းကောင်း၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ အားလုံးကိုလည်းကောင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ ဆောင်ရွက်နေသော စုံစမ်းစစ်ဆေးရေး အဖွဲ့ကိုလည်းကောင်း မခန့်လေးစား ပြုမှုခြင်းဖြစ်ကြောင်း သုံးသပ်ရရှိပါသည်"

အခြေခံဥပဒေဆိုင်ရာ ခုံရုံးအဖွဲ့ကို လွှတ်တော်ကို လာရောက် အစစ်ဆေးခံဖို့ စက်တင်ဘာလ ၃ ရက်နေ့က အကြောင်းကြားခဲ့ပေမဲ့ အဖွဲ့ဝင် တစ်ဦးတစ်ယောက်မှ လာရောက် စစ်ဆေးခံခြင်း မရှိဘဲ လွှတ်တော် စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ကန့်ကွက်ခဲ့ကြောင်း၊ စစ်ဆေးရေးအဖွဲ့ ဥက္ကဋ္ဌ ပြောင်းလဲပြီးနောက် ထပ်မံ ဆင့်ခေါ်ခဲ့ပေမဲ့လည်း လာရောက်ခြင်း မရှိကြောင်း၊ ဒါကြောင့် စုံစမ်းစစ်ဆေးရေး အဖွဲ့ရဲ့ တွေ့ရှိချက် အစီရင်ခံစာကို ဆက်လက်ဆောင်ရွက်ရန် ပြည်သူ့လွှတ်တော်ရဲ့ အဆုံးအဖြတ် ခံယူသွားမှာ ဖြစ်ကြောင်း ဦးဝင်းမြင့်က ပြောကြားပါတယ်။

ခုံရုံးရဲ့ လုပ်ထုံးလုပ်နည်းအရ သတ်မှတ်ချက် ကာလအတွင်း အခြေခံဥပဒေခုံရုံး အနေနဲ့ စစ်ဆေးခံဖို့ ပျက်ကွက်ခဲ့တဲ့အတွက် မျက်ကွယ်မှာ စီရင်ချက်ချခွင့် ရှိကြောင်း သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org