လွှတ်တော်ကိုယ်စားလှယ်တွေကို လစာတိုးပေးဖို့ လွှတ်တော်ဆုံးဖြတ်


2014.11.28
parliament-pyitaungsu-305.jpg ပြည်ထောင်စုလွှတ်တော် အစည်းအဝေးကျင်းပနေစဉ်
Photo: RFA

ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသ ကြီးနဲ့ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်တွေ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဝင်တွေအတွက် ချီးမြှင့်ငွေကို တစ်လ ဆယ်သိန်းနဲ့ တစ်နေ့အသုံးစရိတ်အဖြစ် ကျပ် နှစ်သောင်းပေးဖို့ ပြည်ထောင်စုလွှတ်တော်က  ဒီကနေ့ အတည်ပြုဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။

ချီးမြှင့်ငွေနဲ့ စရိတ်များဆိုင်ရာဥပဒေကို ပြင်ဆင်တဲ့ ဥပဒေကြမ်းအပေါ် ပြည်သူ့လွှတ်တော်နဲ့ အမျိုးသား လွှတ်တော်တို့အကြား သဘောထားကွဲလွဲတဲ့ အချက်တွေကို ဥပဒေကြမ်း ပူးပေါင်းကော်မတီကိုယ်စား အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ မြတ် ဉာဏစိုးက ပြည်ထောင်စုလွှတ်တော်မှာ အခုလို တင်သွင်းခဲ့တာ ဖြစ်ပါတယ်။

"ဥပဒေကြမ်းရဲ့ အပိုဒ် ၂ ကို အမျိုးသားလွှတ်တော်ရဲ့ အတည်ပြုချက်ဖြစ်တဲ့ ပြည်သူ့လွှတ်တော်၊ အမျိုးသား လွှတ်တော်၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဝင်များ၏ ချီးမြှင့်ငွေနဲ့ စရိတ်များဆိုင်ရာဥပဒေ ပုဒ်မ ၃ ၊ ပုဒ်မခွဲ (က)တွင် ပါရှိသော ကျပ် ၃ သိန်းဆိုသည့် စကားရပ်ကို ကျပ် ၁ဝ သိန်းဆိုသည့် စကားရပ်ဖြင့် အစားထိုးရမည် ဆိုတဲ့ ပြဌာန်းချက်ကို အတည်ပြုပေးဖို့ တင်သွင်းအပ်ပါတယ်ခင်ဗျာ"

အဲဒီဥပဒေကြမ်းအပေါ် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ၂ ဦးက ပြည်ထောင်စုလွှတ်တော်မှာ ဆွေးနွေးဖို့ အမည်စာရင်းပေးထားပေမဲ့ ဆွေးနွေးခွင့်မရရှိခဲ့ပါဘူး။ ဆွေးနွေးခွင့်မရခဲ့တဲ့ တပ်မတော်သား ကိုယ်စားလှယ် ဗိုလ်မှူးကြီးသန်းထိုက်က အခုလို လွှတ်တော်ကိုယ်စားလှယ်တွေကို လစာတိုးပေးလိုက်မယ်ဆိုရင် ငွေကြေးဖောင်း ပွမှုနဲ့ ကုန်ဈေးနှုန်း တက်လာနိုင်တဲ့အတွက် သေချာစဉ်းစားသုံးသပ်ဖို့ လိုအပ်တယ်လို့ ပြောပါတယ်။

"ကျနော်တို့ဟာ ကိုယ်စားလှယ်တွေရတာကို ကန့်ကွက်တာမဟုတ်ပဲနဲ့ အဓိကကတော့ ပေးလိုက်ခြင်း အားဖြင့် ငွေကြေးဖောင်းပွမှုတွေ ဖြစ်လာနိုင်တယ်၊ ဒါကလည်း ဟိုးတစ်နေ့က ဝန်ကြီး ဆွေးနွေးသွားတာ ရှိပါတယ်၊ ၂.၅ ကနေပြီးတော့မှ ၆ လောက်ဖြစ်လာပြီ၊ ဒါဟာအလွန်ကိုသတိထားရမယ့် ကိစ္စဖြစ်ပါတယ် ဆိုပြီးတော့ ဒီလိုမျိုးပြောထားတာရှိပါတယ်၊ အဲ့အတွက်ကြောင့် ကျနော်တို့အနေနဲ့ ဒါတွေကို စဉ်းစားချင့်ချိန်ပြီးတော့မှ စဉ်းစားသင့်တဲ့အတွက်ကြောင့် ဒါလေးကို ဆွေးနွေးရခြင်းဖြစ်ပါတယ်"

တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေက လွှတ်တော်ကပေးတဲ့ လစာကိုမယူဘဲ လွှတ်တော်တက်နေစဉ် ကာလအတွင်းပေးတဲ့ တစ်နေ့အသုံးစရိတ်ကိုသာယူတယ်လို့ သိရပါတယ်။ ပြည်ထောင်စုလွှတ်တော်က အတည်ပြုလိုက်တဲ့ အဲဒီ့ဥပဒေကြမ်းကို နိုင်ငံတော်သမ္မတ လက်မှတ်ရေးထိုးဖို့ ပေးပို့သွားမှာဖြစ်ပြီး လွှတ်တော် ကိုယ်စားလှယ်အားလုံး လာမယ့် ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်ကစပြီး လစာ ကျပ် ၁၀ သိန်း ရရှိမှာဖြစ်တယ်လို့ သိရပါတယ်။

ဒီအကြောင်း RFA သတင်းထောက် ကိုမျိုးဇော်ကို တင်ပြထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။