အမျိုးသား လွှတ်တော် ဥက္ကဌ ၈၈ ခေါင်းဆောင်များနဲ့ တွေ့ဆုံ


2015.01.11
khinaungmyint-88generation-305 အမျိုးသားလွှတ်တော် ဥက္ကဌ ဦးခင်အောင်မြင့်နဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ခေါင်းဆောင်တချို့ ဇန်နဝါရီလ ၁၁ ရက်နေ့က တွေ့ဆုံစဉ်
Photo: The 88 Generation Peace and Open Society

အမျိုးသားလွှတ်တော် ဥက္ကဌ ဦးခင်အောင်မြင့်နဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း က ခေါင်းဆောင်တချို့ဟာ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ တစ်နိုင်ငံလုံးအပစ်ခတ်ရပ်စဲရေးကိစ္စတွေကို ဒီနေ့ နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

ပုဒ်မ ၄၃၆ ပြင်ဆင်နိုင်ဖို့ ဆောင်ရွက်ခဲ့တာတွေကို ရှင်းပြခဲ့သလို မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအကျပ် အတည်းတွေကို ဖြေရှင်းနိုင်ဖို့အတွက် ညှိနှိုင်းဆောင် ရွက်ဖို့ လိုအပ်ကြောင်းကို ဆွေးနွေးခဲ့ကြတယ်လို့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း က ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကိုကိုကြီးက ပြော ပါတယ်။

"ကျနော်တို့ကတော့ လက်ရှိနိုင်ငံမှာ ဖြစ်နေတဲ့ အခြေအနေတော်တော် များများကို ခြုံငုံပြီးတော့ပြောဖြစ်ပါတယ်၊ ဖွဲ့စည်းပုံပြင်ဆင်ဖို့အတွက် ဆွေးနွေးနေတဲ့ အချက်တွေကတော့ ပုဒ်မတွေ ၂ဝဝ ကျော်ပေါ၊့ အဲ့ဒီအထဲမှာ အရေးပါတဲ့ဖွဲ့စည်းပုံ ပြင်ဆင်ရေး ၄၃၆ နဲ့ပတ်သတ်လို့ ကျနော်တို့ ဆောင် ရွက်ခဲ့တာတွေ ကျနော်တို့ သဘောထားတွေကို ပြောဖြစ်ဆွေးနွေးဖြစ်ပါတယ်၊ အဓိကကတော့ ကျနော်တို့ ဦးတည်ပြီးဆွေးနွေးတဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေးနဲ့ တိုင်းရင်းသား တန်းတူညီမျှရေး အပစ်အခတ်ရပ်စဲရေး ငြိမ်းချမ်းရေးကိစ္စ အဲ့ဒါတွေကိုပဲ အဓိက ဆွေးနွေးခဲ့ကြပါတယ်"

တွေ့ဆုံပွဲကို ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုမြအေး၊ ကိုပြုံးချို နဲ့ ကိုထွန်းမြင့်အောင် စတဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ကျောင်းသားခေါင်းဆောင်တွေ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

ဖဲ့ွစည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ ပူးပေါင်းပြီး ပြီးခဲ့တဲ့နှစ် မေလ ၂၇ရက်နေ့ကနေ ဇူလိုင်လ ၁၉ ရက်နေ့အထိ တစ်နိုင်ငံလုံးအနှံ့မှာ ဆန္ဒသဘောထားလက်မှတ်တွေကို ကောက်ခံခဲ့တာဖြစ်ပါတယ်။

အဲ့ဒီလှုပ်ရှားမှုကနေ ရရှိလာတဲ့ လက်မှတ် ၅သန်းကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လွှတ်တော်ထံ တင်ပြထားပါတယ်။

ဒီသတင်းနဲ့ ပတ်သက်ပြီး RFA သတင်းထောက် မဝေယံမိုးမြင့်ရဲ့ တင်ပြချက်ကို နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။