တိုက်ပွဲတွေ အမြန်ဆုံး ရပ်တန့်ပေးရေး အရေးကြီးအဆို လွှတ်တော်အတည်ပြု


2016.02.17
winmyint-620.jpg လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့် ကို ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ တွေ့ရစဉ်
Photo: RFA

ရှမ်းပြည်နယ်မြောက်ပိုင်း ပလောင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနဲ့ ကျောက်မဲမြို့နယ်အတွင်း ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ အမြန်ဆုံးရပ်တန့်ပေးဖို့နဲ့ စစ်ဘေးဒုက္ခသည်တွေရဲ့လူမှုဒုက္ခတွေကို အမြန်ဆုံးအကူအညီပေးဖို့ တိုက်တွန်းကြောင်း အရေးကြီးအဆိုကို ကန့်ကွက်သူမရှိတဲ့အတွက် ပြည်သူ့လွှတ်တော်က ဒီကနေ့ အတည်ပြုလိုက်ပါတယ်။

အဲဒီအဆိုကို ကျောက်မဲမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းထွန်းအောင် တင်သွင်းတာဖြစ်ပြီး တပ်မတော်သားကိုယ်စားလှယ် ၂ဦးအပါအဝင် လွှတ်တော်ကိုယ်စားလှယ် ၁၂ ဦးက ထောက်ခံဆွေးနွေးခဲ့ တာဖြစ်ပါတယ်။ တိုက်ပွဲဖြစ်ပွားနေတဲ့ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းထူးက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အားလုံး ပါဝင်တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံကို အစိုးရအသစ်အနေနဲ့ အကောင်အထည်ဖော်ဖို့ တိုက်တွန်းဆွေးနွေးခဲ့ပါတယ်။

"NCA လက်မှတ်ရေးထိုးထားတဲ့ လက်နက်ကိုင်အဖွဲ့မှာ သဘောတူညီချက်အား လိုက်နာနိုင်ဖို့အတွက်ကို အပတ်ခတ်ရပ်စဲရေး ပူးတွဲစောင့်ကြည့်ရေးကော်မတီလို အဖွဲ့တွေနဲ့ တခြားသက်ဆိုင်ရာအဖွဲ့တွေ ကနေ စောင့်ကြည့်တားဆီးပေးဖို့ဖြစ်ပါတယ်၊ NCA လက်မှတ်မရေးထိုးသေးတဲ့ အဖွဲ့တွေကိုလည်း စစ်မှန်သော ငြိမ်းချမ်းရေးဖြစ်လာဖို့အတွက် ပြည်နယ်အဆင့်တွေ့ဆုံမှုတွေ၊ ပြည်ထောင်စုအဆင့်တွေ့ဆုံမှုတွေ ပြီးတော့ လက်နက်ကိုင်အဖွဲ့တစ်ခုချင်းပဲဖြစ်ဖြစ်၊ သူတို့စုစည်းထားတဲ့ အဖွဲ့အစည်းတွေပဲဖြစ်ဖြစ် တွေ့ဆုံညှိနှိုင်း အဖြေရှာ မှုတွေလုပ်ဖို့လိုပါတယ်၊ ထာဝရရေရှည်တည်တန့်တဲ့ ငြိမ်းချမ်းရေးကိုရရှိဖို့အတွက်ဆိုတာက လက်နက်ကိုင်အဖွဲ့ အားလုံး ပါဝင်တဲ့အဖွဲ့တွေ သက်ဆိုင်ရာ ပါဝင်သင့်တဲ့သူတွေ အားလုံးပါဝင်တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံကို အသစ်ထပ်မံပေါ်ထွက်လာမယ့် အစိုးရကနေပြီးတော့ ဆက်လက်အကောင်အထည်ဖော် ဆောင် ရွက်သွားဖို့ လိုအပ်တယ်ဆိုတာကို ကျနော့်အနေနဲ့ စစ်ဘေးရှောင်ဒုက္ခသည်တွေ၊ ကျောင်းနေအရွယ် ကလေး သူငယ်တွေနဲ့ စစ်ရဲ့မြေစာပင်ဖြစ်နေတဲ့ မိဘပြည်သူတွေကိုယ်စား အမြန်အကောင်အထည်ဖော် ဆောင် ရွက်သင့်တယ်ဆိုတဲ့အကြောင်းကို ကျောက်မဲမြို့နယ် မဲဆန္ဒနယ် ဦးစိုင်းထွန်းအောင် ဆွေးနွေးတဲ့အဆို ကို ထောက်ခံဆွေးနွေး တင်ပြအပ်ပါတယ်"

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ရှမ်းပြည်တပ်မတော် RCSS/SSA နဲ့ တအာင်းပလောင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA တို့ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၇ရက်နေ့က တိုက်ပွဲစတင်ဖြစ်ပွားနေတာဖြစ် ပါတယ်။ ပါဝင်ဆွေးနွေးခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေက စစ်ဘေးဒုက္ခသည်တွေကို စိတ်ပိုင်းဆိုင်ရာ အားပေးကူညီဖို့ နဲ့ ရုပ်ပိုင်းဆိုင်ရာ ထောက်ပံ့ရေးအကူအညီတွေပေးဖို့ လိုအပ်နေကြောင်း ဆွေးနွေးခဲ့ကြပါတယ်။

တိုက်ပွဲတွေကြောင့် စစ်ဘေးဒုက္ခသည် သုံးထောင်ကျော်ဟာ ကျောက်မဲမြို့ပေါ်က  ကယ်ဆယ်ရေးစခန်း ၁၇ ခုမှာ ခိုလှုံနေကြရပြီး ကျောင်းသူ၊ ကျောင်းသားတွေ ၃၀၀ ကျော် ပါဝင်နေတယ်လို့ သိရပါတယ်။

အဆိုနဲ့ပတ်သက်ပြီး လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာနနဲ့ သမ္မတရုံးဝန်ကြီးဌာနတို့က စစ်ဘေးဒုက္ခသည်တွေကို အကူအညီပေးနေတဲ့ အခြေအနေတွေနဲ့ ကာကွယ်ရေး ဝန်ကြီးဌာနက တိုက်ပွဲဖြစ်ပွားနေတဲ့ အခြေအနေတွေကို ရှင်းလင်းတင်ပြခဲ့ပါတယ်။

လွှတ်တော်ကိုယ်စားလှယ် ၁၂ ဦးနဲ့ သက်ဆိုင်ရာဝန်ကြီးဌာန တာဝန်ရှိသူတွေရဲ့ ပြောကြားချက်တချို့ကို RFA သတင်းထောက် ကိုဝင်းကိုကိုလတ် ကောက်နှုတ်တင်ပြထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။