ကရင်လူထု ငြိမ်းချမ်းရေး ထောက်ခံပွဲကို ပန်းတနော်မြို့မှာ ကျင်းပ

ဒီငြိမ်းချမ်းရေး ထောက်ခံပွဲကို ပန်းတနော်မြို့နယ်မှာ စတင်ကျင်းပခဲ့တာနဲ့ ပတ်သက်ပြီး ပန်းတနော်မြို့နယ် ကရင်စာပေနဲ့ ယဉ်ကျေးမှုကော်မတီ ဥက္ကဌ မန်းသိန်းလှက -
“ကျနော်တို့ KNU ကရင်အမျိုးသားအစည်းအရုံးရဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်မှုမှာ ဒီကြိုဆိုထောက်ခံပွဲဆိုတာ တစ်နိုင်ငံလုံးမှာ ဘယ်မှာမှမရှိပါဘူး၊ ပန်းတနော် မြို့နယ်မှာရှိတဲ့ ဒီစာပေယဉ်ကျေးမှု ကော်မတီက တာဝန်ရှိတဲ့ ခေါင်းဆောင်တွေဟာ ဒါကို ရဲရဲရင့်ရင့် ရှေ့ကနေထွက်ပြီးတော့ ဒီလိုဆောင်ရွက်လိုက်တဲ့အတွက် ခွင့်ပြုချက်ရတယ်၊ ဧရာဝတီတိုင်းမှာရှိတဲ့ ကျန်တဲ့မြို့နယ် ၁၀ မြို့နယ်လောက်က ပန်းတနော် မြို့နယ်ရဲ့ ဦးဆောင်မှုအောက်ကို ဒီငြိမ်းချမ်းရေး ကြိုဆိုထောက်ခံပွဲကိုပါဝင်ပြီးတော့ တက်ရောက်ခဲ့တဲ့အတွက် အင်မတန်ကြီးမားတဲ့ အောင်မြင်မှုတစ်ခုလို့ ကျနော်ထင်ပါတယ်”
ဒီကနေ့ ငြိမ်းချမ်းရေး ဆွေးနွေးမှု ကြိုဆိုထောက်ခံပွဲကို ကရင်အမျိုးသားအစည်းအရုံးဘက်က ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ပဒိုမန်းငြိမ်းမောင်နဲ့ ကိုယ်စားလှယ်တချို့ တက်ရောက်ခဲ့ပြီး၊ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ ကိုယ်စားလှယ်အဖြစ် ဘဏ္ဍာအခွန်ဝန်ကြီး ဦးဝင်းကိုကိုနဲ့ တိုင်းဒေသကြီး အစိုးရအဖွဲ့က အရာရှိတချို့လည်း တက်ရောက်ခဲ့ပါတယ်။
အဲဒီနောက်မှာတော့ အစိုးရနဲ့ ကရင်အမျိုးသားအစည်းအရုံး တို့အကြား ဖော်ဆောင်နေတဲ့ ထာဝရငြိမ်းချမ်းရေး တည်ဆောက်မှု ဆွေးနွေးပွဲအား ထောက်ခံတဲ့အဆိုကို ပိုးကရင်၊ စကောကရင်၊ ဗမာ သုံးဘာသာနဲ့ ဖတ်ကြားတင်ပြကြပါတယ်။