လက်နက်ကြီးကျလို့ ပန်ဆေးရွာသားတစ်ဦး သေဆုံး
2019.08.27
ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်၊ ပန်ဆေးရွာအတွင်း မနေ့ညနေက လက်နက်ကြီးကျရောက် ပေါက်ကွဲခဲ့တာကြောင့် ဒေသခံ တစ်ဦး သေဆုံးပြီး တစ်ဦး ထိခိုက်ဏ်ရာရရှိခဲ့ပါတယ်။
သေဆုံးသူဟာ အသက် ငါးဆယ်ကျော်အရွယ် ကွန်ဌေး ဆိုသူဖြစ်ပြီး ဦးခေါင်းမှာ လက်နက်ကျည်စ ထိမှန်တဲ့ ဒဏ်ရာနဲ့သေဆုံးခဲ့တာလို့ အိမ်နီးချင်းဖြစ်သူ ပန်ဆေးရွာသား တစ်ဦးက ပြောပါတယ်။
ပန်ဆေးရွာဟာ ကွတ်ခိုင်မြို့ အခြေစိုက် ခလရ ၂၄၂ တပ်ရဲ့ အနောက်ဘက်မှာရှိတာဖြစ်ပါတယ်။
မြောက်ပိုင်းမဟာမိတ်အဖွဲ့ သုံးဖွဲ့နဲ့ အစိုးရတပ်တို့ဟာ ကွတ်ခိုင်မြို့အထွက် လွိုင်ဆမ်ဆစ် တောင်ခြေတစ်ဝိုက်မှာ သြဂုတ်လ၂၆ ရက် မနေ့က ညနေပိုင်းမှာ တိုက်ပွဲဖြစ်ပွားခဲ့သလို ခလရ ၂၄၂ အနောက်ဖက်ခြမ်း လွယ်ဆိုင်ကျေးရွာအနီးမှာလည်း တိုက်ပွဲဖြစ်ခဲ့ရာမှာ လက်နက်ကြီးတွေနဲ့ အပြန်အလှန် ပစ်ခတ်မှုရှိခဲ့တယ်လို့ဒေသခံတွေက ပြောပါတယ်။
လက်နက်ကြီးကျလို့ကွန်ဌေးဆိုသူ သေဆုံးခဲ့ပြီး သူ့ရဲ့ ဇနီးဖြစ်သူကတော့ ဒဏ်ရာ အနည်းငယ်ရခဲ့ပြီး နေအိမ်တချို့ လက်နက်ကြီးစ ထိမှန်ပျက်စီးခဲ့ကြောင်းလည်း ဒေသခံတွေက ဆိုပါတယ်။
ကွတ်ခိုင်အခြေစိုက် မြန်မာစစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာလို့ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA က ဒီနေ့ သတင်းထုတ်ပြန်ထားပါတယ်။
တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်း ကတော့ ဒီကိစ္စနဲ့ပတ်သက်လို့ သူ့အနေနဲ့ ဘာမှမပြောလိုကြောင်း၊ အရပ်သား ပြည်သူတွေကို ပစ်ခတ်နေတာ ဘယ်အဖွဲ့ရဲ့ လက်ချက်ဆိုတာ သိနိုင်ကြောင်းသာ RFA ကို ပြောပါတယ်။
တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်း ပြောဆိုချက်နဲ့ပတ်သက်ပြီး TNLA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး မိုင်းအိုက်ကျော် နဲ့ ဗိုလ်မှူးချုပ် တာဘုန်းကျော် ကို RFA က ဒီနေ့ ညနေမှာ ဆက်သွယ်မေးမြန်းပေမယ့် ဆက်သွယ်လို့မရခဲ့ပါဘူး။
ပြီးခဲ့တဲ့ သြဂုတ်လ ၂၃ရက်နေ့ကလည်း ကွတ်ခိုင်မြို့နယ် လွယ်ပယ်စုစည်းရွာအတွင်း လက်နက်ကြီးကျလို့ နေအိမ်အတွင်း အိပ်နေတဲ့ ကလေးငယ် တစ်ဦးအပါအဝင် သုံးဦး ဒဏ်ရာရခဲ့ပြီး ကွတ်ခိုင်ဆေးရုံကို ပို့ဆောင်ထားရပါတယ်။
လက်ရှိမှာ ကွတ်ခိုင်တိုးဂိတ်ကနေ သွားလာခွင့်တွေ ပိတ်ထားလို့အဲဒီကျေးရွာက ရွာသားတွေဟာ ကွတ်ခိုင်မြို့ကို သွားလာလို့မရဘဲ ဖြစ်နေပါတယ်။
ဒီကနေ့မနက်မှာတော့ ကွတ်ခိုင်မြို့ကနေ လက်နက်ကြီးပစ်ခတ်သံတွေကို ကြားနေရသလို ကွတ်ခိုင်ကနေ မူဆယ်ကိုထွက်လာတဲ့ အိမ်စီးကားတစ်စီးလည်း ပစ်ခတ်ခံရပြီး အမျိုးသားတစ်ဦး ဒဏ်ရာရရှိသွားပါတယ်။
ဒါ့အပြင် မန်လွယ်ကျေးရွာအနီးမှာ တွဲကားတွေရဲ့ ကားဘီးတွေ ပစ်ခတ်ခံထားရပြီး ကားတွေကိုလည်း ကန့်လန့်ခံပိတ်ထားလို့ ခရီးသွားကားတွေ သွားမရဖြစ်နေပါတယ်။
တပ်မတော်နဲ့ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့တို့ရဲ့ တိုက်ပွဲတွေဟာ ရှမ်းပြည်နယ်မြောက်ပိုင်းက မြို့နယ် ခုနှစ်မြို့နယ်မှာ ဆက်လက်ဖြစ်ပွားနေပြီး သြဂုတ်လ ၁၇ ရက်ကနေ မနေ့ကအထိ နေရပ်စွန့်ခွာထွက်ပြေးနေရသူ ခုနှစ်ထောင်ကျော် ရှိသွားပြီလို့ ကုလသမဂ္ဂ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံး UNOCHA က ထုတ်ပြန်ခဲ့ပါတယ်။
(RFA သတင်းထောက် ကိုကံသာ ပေးပို့သည်)