မင်းပြား ပန်းမြောင်းရွာမှာ လက်နက်ကြီးကျပြီး သုံးဦးသေ၊ လေးဦးဒဏ်ရာရ


2019.08.24
phyuhninsoe-pannmyaung-622.jpg စစ်တွေဆေးရုံကြီးကို ၂၀၁၉၊ သြဂုတ် ၂၄ ရက်နေ့က အရေးပေါ်ပို့ဆောင်လိုက်ရတဲ့ ရခိုင်ပြည်နယ် မင်းပြားမြို့နယ် ပန်းမြောင်းကျေးရွာက မဖြူနှင်းစိုးကို တွေ့ရစဉ်
ဓါတ်ပုံ - မင်းသိန်းအောင်/ RFA

ရခိုင်ပြည်နယ် မင်းပြားမြို့နယ် ပန်းမြောင်းရွာက ဦးမောင်ဘကျော်ရဲ့ နေအိမ်ပေါ်ကို ဒီနေ့ မနက် ၁၀ နာရီလောက်မှာ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့တာကြောင့် သုံးဦးသေဆုံးပြီး လေးဦး ထိခိုက် ဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။

သေဆုံးသူတွေထဲက အသက် ၅ နှစ်အရွယ် ကလေးက မြေးတော်စပ်ကြောင်း သမီးဖြစ်သူကတော့ ဒဏ်ရာပြင်းထန်ခဲ့ကြောင်း ဦးမောင်ဘကျော်က RFA ကို ပြောပါတယ်။

"ကျွန်တော်အိမ်ပေါ်ကျတာ အားလုံး ဒဏ်ရာရပါတယ်၊ လေးယောက်မှာ နှစ်ယောက် ကျဆုံးပါတယ်၊ နှစ်ယောက်က ဒဏ်ရာပြင်းထန်ပါတယ်"

အလားတူ ဦးမောင်ဘကျော်ရဲ့ နေအိမ်ခြံစည်းရိုးဘေးမှာရှိနေတဲ့ ကလေး တစ်ဦးနဲ့ အမျိုးသမီး တစ်ဦးလည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။

သေဆုံးသွားသူတွေထဲမှာ ဆယ်တန်းကျောင်းသူ မညိုညိုဝင်း တစ်ယောက်လည်း ပါဝင်ပါတယ်။ ဘာမှမသိသေးတဲ့ ကလေးတစ်ယောက် သေဆုံးသွားရတာကို ကိုယ်ချင်းစာကြည့်စေချင်ကြောင်း မညိုညိုဝင်းရဲ့ ဖခင် ဦးကျော်သိန်းက RFA ကို ပြောပါတယ်။

"သေဆုံးတဲ့ မိန်းကလေး ဆယ်တန်းကျောင်းတက်နေတာ၊ ကျွန်တော်က သူ့အဖေ၊ အိမ်မှာ ထမင်းစားဖို့ပြင်နေတုန်းမှာ လက်နက်ကြီးကျည်ကျတာပါ၊ ဆုံးသွားတဲ့ကလေးကို လက်နက်ကြီးကျတဲ့အိမ်မှာ ထားထားပါတယ်၊ လက်နက်ကြီးကို အောင်မင်္ဂလာတောင်မှာရှိတဲ့ တပ်မတော်က ပစ်တာပါ၊ ဘာမှမသိတဲ့ ကလေးတစ်ယောက် သေဆုံးသွားတော့ အဖေတစ်ယောက်အနေနဲ့ ဘယ်လိုခံစားရမယ်ဆိုတာ အားလုံး ကိုယ်ချင်းစာကြည့်စေချင်ပါတယ်"

ထိခိုက်ဒဏ်ရာရသူတွေကို ပန်းမြောင်းဆေးရုံမှာ တင်ပို့ကုသခဲ့ပေမယ့် မသက်သာတာကြောင့် ဒီနေ့ နေ့လယ်မှာ နှစ်ဦးကို မြောက်ဦးဆေးရုံကို လွှဲပြောင်းခဲ့ပြီး ပိုမိုစိုးရိမ်ရသူ တစ်ဦးကိုတော့ စစ်တွေဆေးရုံကို ပို့ဆောင်ထားကြောင်း ပန်းမြောင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးတင်အောင်ကျော်က RFA ကို ပြောပါတယ်။

"ဒဏ်ရာရတဲ့သူတွေထဲက နှစ်ယောက်ကိုတော့ မြောက်ဦးဆေးရုံးကို ပို့ထားပါတယ်၊ တစ်ယောက်က အပြင်းအထန်ဖြစ်လို့ စစ်တွေဆေးရုံကို ယူသွားရပါတယ်၊ မင်းပြားမြို့နယ် အုပ်ချုပ်ရေးမှူးကို ကျွန်တော် အကြောင်းကြားပြီးပါပြီ၊ ကျွန်တော်တို့ ရွာထဲမှာဖြစ်တာဆိုတော့ ရွာသားတွေ ဘယ်လိုနေရမလည်းမသိဘဲ ကြောက်လန့်နေကြပါတယ်"

ပန်းမြောင်းကျေးရွာဘက်မှာ AA အဖွဲ့နဲ့ ပြီးခဲ့တဲ့ သုံးရက်လောက်ထဲက ဒီနေ့အထိ တိုက်ပွဲတွေဖြစ်ပွားနေကြောင်း တပ်မတော်က ပြောပါတယ်။

ပန်းမြောင်းကျေးရွာအနီး အောင်မင်္ဂလာတောင်မှာ တပ်စွဲထားတဲ့ တပ်မတော်က ပစ်ခတ်လိုက်တာကြောင့် ရွာသားတွေ သေဆုံးဒဏ်ရာရခဲ့တာဖြစ်ကြောင်း ဒေသခံကျေးရွာသားတွေက ပြောကြပါတယ်။

အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦးကတော့ AA အဖွဲ့က လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်တဲ့ကျည်ဟာ ကျေးရွာထဲကို ကျရောက်ပေါက်ကွဲခဲ့တာဖြစ်ကြောင်း ပြောပါတယ်။

"တိုက်ပွဲဖြစ်တာ သုံးရက်လောက်ရှိပြီဆိုတော့ နှစ်ဦးနှစ်ဘက်ကတော့ ထိခိုက်ဒဏ်ရာရမှုကတော့ ရှိပါတယ်၊ တိတိကျကျ မသိသေးတဲ့အတွက် ပြောလို့မရသေးပါဘူး၊ တိုက်ပွဲဖြစ်တဲ့အချိန်မှာ ကျွန်တော်တို့ ပစ်တဲ့ ကျည်သွားလမ်းကြောင်းနဲ့ ရန်သူပစ်တဲ့ ကျည်သွားလမ်းကြောင်းက တစ်ခြားစီလေ၊ ကျွန်တော်တို့ပစ်တဲ့ဟာက ရွာပေါ်မှာ ကျစရာအကြောင်းမရှိဘူးလေ၊ ရန်သူက ပြန်ပစ်လို့သာ ရွာနားကို ကျတာလေ၊ အဓိက ကတော့ အရှေ့ဘက်တောင်ကြောမှာရှိတဲ့ သောင်းကျန်းသူက ကျွန်တော်တို့ အနောက်ဘက်မှာရှိတဲ့ ပန်းမြောင်းဘုရားကုန်းပေါ်မှာရှိတဲ့ တပ်ကို လှမ်းပစ်တာလေ၊ အရှေ့ဘက်ကနေ အနောက်ဘက်ကို လှမ်းပစ်တာကြောင့် ရွာထဲကို လာကျတာပါ၊ သောင်းကျန်းသူပစ်တဲ့ ဗုံးသီးကွဲလို့ မှန်တာ၊ ကျွန်တော်တို့ပစ်တဲ့ ဗုံးသီးမှန်တာမဟုတ်ဘူး"

AA ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခကတော့

"မြောက်ဦး အခြေစိုက် ခမရ ၃၇၈ ကနေပြီးတော့ လှမ်းပြီးတော့ ပစ်တာလို့ပြောတယ်၊ ပန်းမြောင်းက အိမ်တစ်လုံးပေါ်ကျပြီး မိသားစုဝင် သုံးဦး ကလေးတွေအပါအဝင် သေတယ်လို့ကြားတယ်၊ နောက်ပြီးတော့ ဒဏ်ရာရတဲ့သူလည်း လေးဦးလောက်ရှိတယ်လို့ကြားတယ်၊ ဗမာစစ်တပ်ဘက်က တိုက်ပွဲဖြစ်တဲ့နေရာတွေကို ရမ်းပြီးတော့ ပစ်တာရှိတယ်၊ ဘာတိုက်ပွဲမှ ဖြစ်တာမရှိဘဲနဲ့ ဗမာစစ်တပ်က ရမ်းပြီးတော့ ပစ်တာဗျ၊ အဲ့လို ရမ်းပစ်လို့ ရွာသားတွေ ထိခိုက်တာဖြစ်ပါတယ်"

မနေ့ကလည်း မြောက်ဦးမြို့နယ် ပေါက်တောပြင်ကျေးရွာသား ဦးသိန်းမောင် အပစ်ခံရပြီး ဆေးကုသဖို့ စစ်တွေဆေးရုံကို ဒီနေ့မနက်မှာ ခေါ်ဆောင်လာခဲ့ပါတယ်။

ဦးသိန်းမောင်ဟာ တောထဲမှာလွှတ်ထားတဲ့ နွားတွေကို သွားရောက်ကြည့်ရှုပြီး ပြန်အလာ ပေါက်တောပြင်ရွာနဲ့ တစ်မိုင်ကျော်လောက်သာဝေးတဲ့နေရာမှာ ပစ်ခတ်ခံရပြီး ဘယ်ဘက်တင်အုံမှာ ကျည်ထိမှန်ခဲ့တာဖြစ်ပါတယ်။ မနေ့ညနေမှာတော့ မြောက်ဦးဆေးရုံမှာ တင်ပို့ကုသခဲ့ပေမယ့် ကျည်ထုတ်ဖို့ အဆင်မပြေတာကြောင့် ဒီနေ့မနက်မှာ စစ်တွေဆေးရုံကို လွှဲပြောင်းကုသဖို့ ခေါ်ဆောင်လာတာဖြစ်ကြောင်းလည်း အမည်မဖော်လိုတဲ့ မိသားစုဝင်တစ်ဦးက RFA ကို ပြောပါတယ်။

"ဦးသိန်းမောင် တောထဲမှာလွှတ်ထားတဲ့ နွားကြည့်ဖို့သွားတာ၊ အဲက အပြန်မှာ သူ့ကိုပစ်လိုက်တာတဲ့၊ ဒဏ်ရာနဲ့ ရောက်လာတယ်၊ လက်ရှိအခြေအနေ မြောက်ဦးမှာ အဆင်မပြေလို့ စစ်တွေ ဆေးရုံကိုသွားမယ်"

အလားတူ ရသေ့တောင်မြို့နယ် ထွန်းရဝေကျေးရွာက မခင်ဝင်းရွှေလည်း မနေ့မနက်က အပစ်ခံရပြီး ကျောဒဏ်ရာရတဲ့အတွက် စစ်တွေဆေးရုံရောက်နေပါတယ်။

ကျည်ဟာ အာရုံကျောကိုထိနေတာကြောင့် ရန်ကုန်ကို လွှဲပြောင်းကုသဖို့ စီစဉ်နေတယ်လို့ ကူညီပေးနေတဲ့ ထွန်းရဝေကျေးရွာသား တစ်ဦးက RFA ကို ပြောပါတယ်။

"လမ်းဘေးမှာ မိုင်းကွဲလို့ ရွာထဲကလူတွေက ပြေးကြတာ၊ ပြေးတာကို တပ်မတော်ကနေပြီး ရွာဘက်ကိုလှမ်းပစ်တာ၊ ကျည်က ခန္ဓာကိုယ်ထဲမှာရှိနေပြီး အာရုံကြောကို ပိတ်နေတယ်လို့ပြောတာပဲ ဆရာဝန်က၊ အဲဒါကြောင့်မို့ ခြေထောက်တွေ လှုပ်ရှားလို့မရဘူး၊ အဲဒါကြောင့်မို့ ရန်ကုန်ပို့တာပါ"

သူ့ကို ဒီနေ့ညနေမှာ စစ်တွေလေဆိပ်ကနေ ရန်ကုန်ကို လေယာဉ်နဲ့ ခေါ်ဆောင်လာဖို့ စီစဉ်ထားကြောင်း သိရပါတယ်။

ပေါက်တောပြင်ကျေးရွာသား ဦးသိန်းမောင်နဲ့ ထွန်းရဝေကျေးရွာသူ မခင်ဝင်းရွှေတို့ကို တပ်မတော်က ပစ်ခတ်ခဲ့တာဖြစ်ကြောင်း မိသားစုဝင်တွေနဲ့ ဒေသခံတွေက ပြောကြပါတယ်။

အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦးကတော့ အဲဒီကျေးရွာတွေအနီမှာ တပ်မတော်စစ်ကြောင်းတွေ မနေ့က မရှိကြောင်းနဲ့ AA အဖွဲ့ရဲ့ ပုံမှားရိုက် လုပ်ဆောင်ချက်ဖြစ်ကြောင်း ပြောပါတယ်။

"မနေ့က အဲဘက်မှာ ကျွန်တော်တို့တပ်တွေမရှိဘူး၊ လက်ရှိအနေအထားအရဆိုလည်း AA သောင်းကျန်းသူတွေက ကျွန်တော်တို့ တပ်မတော်ကို သိက္ခာကျအောင် တပ်ရဲ့ ချပ်ဝတ်တန်ဆာတွေကို ဒီရက်ပိုင်းမှာ ဝတ်ဆင်ပြီးတော့ သွားလာလှုပ်ရှားနေတာတွေ အများကြီး ကျွန်တော်တို့ တွေ့ရတယ်၊ ဒါကြောင့်မို့ မနေ့က ဖြစ်စဉ်ကလည်း ကျွန်တော်တို့ရဲ့ တပ်ဝတ်စုံတွေ ဝတ်ဆင်ပြီးတော့မှ တပ်အသွင်ယူပြီးတော့မှ လုပ်သွားတဲ့ သဘောမျိုးလို့ ကျွန်တော်တို့က ထင်တယ်"

AA ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခကတော့

"ထွန်းရဝေရွာက အမျိုးသမီး တစ်ဦး ဗမာစစ်တပ်ဘက်ကပစ်တဲ့ ကျည်ဆံထိပြီးတော့ စစ်တွေဆေးရုံမှာ တင်ထားရတယ်လို့ ကြားတယ်၊ ဒဏ်ရာက ပြင်းထန်လို့ ဒီညနေမှာတော့ ရန်ကုန်ကို ရောက်သွားပြီလို့ ကြားတယ်ဗျ၊ ဗမာစစ်တပ်က တိုက်ပွဲဖြစ်လို့ အထိအခိုက် အကျအဆုံးရှိပြီဆိုရင် ရွာတွေကို လက်နက်ငယ်တွေပစ်တာ၊ လက်နက်ကြီးတွေနဲ့ အဲဒီဒေသတစ်ဝိုက်ကို ရမ်းပြီးတော့မှ ပစ်တာ အဲဒါမျိုးတွေ အရင်ထဲက လုပ်နေတာရှိတယ်၊ အထူးသဖြင့်တော့ ရွာသားတွေကြားထဲမှာ အကြောက်တရားတွေ လွှမ်းမိုးလာအောင် လုပ်ဆောင်နေတာဖြစ်တယ်"

ရခိုင်ပြည်နယ်မှာ အခုနှစ်အတွင်း ပစ်ခတ်ခံရတာ၊ လက်နက်ကြီးကျည် ထိမှန်တာ၊ မိုင်းပေါက်ကွဲတာတွေကြောင့် အရပ်သား သေဆုံးသူဟာ ၈၀ နီးပါး ရှိနေပြီဖြစ်ပါတယ်။

ဒဏ်ရာနဲ့ ဆေးရုံတက် ကုသခဲ့ရသူတွေကတော့ ၁၀၀ ကျော်အထိ ရှိပါတယ်ခင်ဗျာ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။