မင်းပြားမြို့နယ်မှာ လက်နက်ကြီးကျည် ကျလို့ ရွာလုံးကျွတ်ထွက်ပြေးခဲ့ရ
2019.08.26
ရခိုင်ပြည်နယ် မင်းပြားမြို့နယ် ပန်းမြောင်းရွာမှာ သြဂုတ်လ ၂၄ ရက်နေ့ မနက်ပိုင်းက လက်နက်ကြီးကျည် ကျရောက်ခဲ့ပြီးနောက် ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေကြပါတယ်။
အဲဒီနေ့မနက် ၁၀ နာရီလောက်မှာ ဦးမောင်ဘကျော်ရဲ့ နေအိမ်ပေါ်ကို လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့တာ ဖြစ်ပြီး သုံးဦးသေဆုံးကာ လေးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
ရွာသားအတော်များများဟာ နဂါးရာရွာရဲ့ ဘုန်းကြီးကျောင်းမှာ တိမ်းရှောင်နေကြသလို တချို့လည်း မင်းပြားနဲ့ မြောက်ဦးမြို့ပေါ်တွေဆီ တိမ်းရှောင်နေကြတယ်လို့ ပန်းမြောင်းရွာ အုပ်ချုပ်ရေးမှူး ဦးတင်အောင်ကျော်က ပြောပါတယ်။
မနေ့ကည ၁၂ နာရီလောက်အထိ လက်နက်ကြီး ပစ်ခတ်သံတွေကြားခဲ့ရပြီး ရွာထဲကိုတော့ ကျရောက်တာမရှိခဲ့ဘူး လို့ ပြောပါတယ်။
ဒီကနေ့ မနက်ပိုင်းမှာတော့ ရွာသားတချို့ နေအိမ်တွေကို ပြန်လာကြတာရှိပေမယ့်လည်း စိုးရိမ်ထိတ်လန့်နေတုန်းပဲ လို့ ပြောပါတယ်။
ပန်းမြောင်းကျေးရွာအနီး အောင်မင်္ဂလာတောင်မှာ တပ်စွဲထားတဲ့ တပ်မတော်က ပစ်ခတ်လိုက်တာကြောင့် ရွာသားတွေ သေဆုံးဒဏ်ရာရခဲ့တာဖြစ်ကြောင်း ဒေသခံကျေးရွာသားတွေက ပြောကြပေမယ့် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦးကတော့ AA အဖွဲ့က ပစ်လိုက်တဲ့ လက်နက်ကြီးဖြစ်ကြောင်း ပြောပါတယ်။
ပန်းမြောင်းရွာမှာ အိမ်ခြေ ၁၅၀၀ ကျော်ရှိပြီး လူဦးရေ ၇၀၀၀ ကျော်လောက် နေထိုင်နေတာဖြစ်ပါတယ်။