အာဏာသိမ်း သုံးနှစ်ကျော်အတွင်း စားအုန်းဆီဈေး ငါးဆအထိ မြင့်တက်လာ
2024.08.16

စစ်တပ်အာဏာသိမ်းထားတဲ့ သုံးနှစ်ကျော်အတွင်းမှာ စားအုန်းဆီဈေးဟာ ငါးဆအထိ မြင့်တက်လာပြီး ဈေးသက်သာစေဖို့ စားအုန်းဆီ အရောင်းဆိုင်မှာတန်းစီဝယ်ယူနေရတယ်လို့ ရန်ကုန်မြို့က အခြေခံလူတန်းစား အိမ်ရှင်မတွေက RFA ကို ပြောပါတယ်။
အာဏာမသိမ်းခင် ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလအထိ စားအုန်းဆီတစ်ပိဿာကို ၂၂၀၀ ကျပ်သာရှိခဲ့ပေမဲ့ လက်ရှိ ရန်ကုန်မြို့မှာ စားအုန်းဆီတစ်ပိဿာ ၁၄၀၀၀ ကျပ်အထိ မြင့်တက်လာတာပါ။
ဆီအသင်းက ခွဲတမ်းကျ ရောင်းချတဲ့ စားအုန်းဆီဆိုင်တွေမှာတော့ ဆီတစ်ပိဿာကို ၆၂၀၀ ကျပ်နဲ့ အိမ်ထောင်စုတစ်စုကို ငါးဆယ်ကျပ်သား ဝယ်ယူရတယ်လို့ ရန်ကုန်မြို့က အိမ်ရှင်မတစ်ဦးက RFA ကို ပြောပါတယ်။
"အပြင်မှာ ရောင်းဈေးက ဆီတစ်ပိဿာကို ၁၄၀၀၀ လောက်ရှိတယ်။ အဲဒါတောင် ဆိုင်တိုင်းဝယ်မရဘူး။ ဆီအသင်းကရောင်းတာ ဈေးသက်သာတော့ အဲဒီမှာ သွားတန်းစီတာ"
တခြား တိုင်းနဲ့ ပြည်နယ်တွေမှာလည်း စားအုန်းဆီဈေးတွေ မြင့်တက်နေပြီး ဧရာဝတီတိုင်းမှာ စားအုန်းဆီ တစ်ပိဿာကို ကျပ် နှစ်သောင်း ကနေ ၂၄၀၀၀ အထိရှိလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စားအုန်းဆီစျေးတွေ အဆမတန် မြင့်တက်နေတဲ့အပြင် လိုသလောက်လည်း ဝယ်ယူလို့မရသလို ဖမ်းဆီးခံရမှာ စိုးရိမ်တဲ့ လက်ကားအရောင်းဆိုင်တချို့လည်း ဆိုင်ပိတ်ထားတာတွေ ရှိနေတာကြောင့် စားသုံးသူတွေ အခက်အခဲ ဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မြန်အောင်မြို့နယ်မှာ အိမ်ထောင်စုတစ်စုအတွက် စားအုန်းဆီ ၂၅ ကျပ်သားကို ၁၆၅၀ ကျပ်နဲ့ ခွဲတမ်းကျ ရောင်းချပေးတာရှိပေမဲ့ ဝယ်မရတာကြောင့် ပြင်ပမှာ တစ်ပိဿာကို ၂၃၀၀၀ ကျပ်အထိ ပေးဝယ်နေရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
စစ်ကောင်စီရဲ့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ စားသုံးသူရေးရာ ဦးစီးဌာနကတော့ သြဂုတ်လ ၁၂ ရက်ကနေ ၁၈ ရက်နေ့အထိ စားအုန်းဆီတစ်ပိဿာကို ရန်ကုန်အထိုင်စျေး ကျပ် ၅၉၄၅ ကျပ်နဲ့ ရောင်းချရမယ်လို့ သြဂုတ်လ ၁၁ ရက်က ထုတ်ပြန်ခဲ့ပါတယ်။
ပြင်ပမှာ စားအုန်းဆီဈေးတွေ မြင့်တက်နေတာနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ စားသုံးသူရေးရာ ဦးစီးဌာနကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေကြားတာမရှိပါဘူး။
ဒေါ်လာငွေလဲလှယ်မှုနှုန်းထား မြင့်တက်လာပြီး မြန်မာကျပ်ငွေတန်ဖိုး ဆက်တိုက်ကျဆင်းနေတာကြောင့် ပြည်ပက တင်သွင်းရတဲ့ ကုန်ပစ္စည်းဈေးနှုန်းတွေ မြင့်တက်နေတာဖြစ်ပါတယ်။