ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေးမူကြမ်း လွှတ်တော် စတင်ဆွေးနွေး
2015.06.23

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်တဲ့ မူကြမ်းပါ ပုဒ်မ ၄ခုကို ပြည်ထောင်စုလွှတ်တော်မှာ ကိုယ်စားလှယ် ၁၅ ယောက်က မနေ့က ဆွေးနွေးရာ အန်အယ်လ်ဒီပါတီနဲ့ ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်တွေက ပုဒ်မ ၄၃၆ မှာ ရာခိုင်နှုန်း လျှော့ချပြင်ဆင်ထားတာကို ထောက်ခံဆွေးနွေးခဲ့ကြပါတယ်။
ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖံ့ွဖြိုးရေးပါတီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် သူရဦးအေးမြင့်က ပုဒ်မ၄၃၆(က) ပြင်ဆင်ချက်ကို အခုလိုထောက်ခံဆွေးနွေးခဲ့ပါတယ်။
"ပုဒ်မ ၄၃၆(က)နဲ့ ပတ်သက်ပြီး ဆွေးနွေးတင်ပြပါမယ်၊ အဆိုပါပြဌာန်းချက်မှာ ပြဌာန်းချက်များကို ပြင်ဆင် လိုလျှင် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်အားလုံးရဲ့ ၇၅ ရာခိုင်နှုန်းကျော်က ပြင်ဆင်ရန် သဘောတူ လက်ခံပြီးနောက် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကျင်းပပြီး မဲပေးပိုင်ခွင့်ရှိသူအားလုံးရဲ့ ထက်ဝက်ကျော်ဆန္ဒ မဲဖြင့် ပြင်ဆင်ရမယ်ဟု ဖော်ပြထားပါတယ်၊ ၇၅ ရာခိုင်နှုန်းကျော်လို့ သတ်မှတ်ထားခြင်းမှာ တပ်မတော် ကိုယ်စားလှယ် အနည်းဆုံးတစ်ဦးပါဝင်မှသာ ပြင်ဆင်နိုင်မည့် သဘောဖြစ်သဖြင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်နိုင်ရန်မှာ မဖြစ်နိုင်တဲ့ အခြေအနေ ခက်ခဲတင်းကြပ်လွန်းတယ်လို့ ယူဆရပါတယ်၊ ၇ဝ ရာခိုင်နှုန်းအောက်မလျော့သော လွှတ်တော်ကိုယ်စားလှယ်များက ပြင်ဆင်သင့်ပါကြောင်း တင်ပြအပ် ပါတယ်"
အန်အယ်လ်ဒီပါတီဥက္ကဌ၊ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဒေါ်အောင်ဆန်းစုကြည်ကလည်း တိုင်းပြည်မှာ စစ်မှန်တဲ့အပြောင်းအလဲကိုလိုချင်တယ်ဆိုရင်၊ စစ်အစိုးရလက်ထက်က ရေးဆွဲခဲ့တဲ့ အခြေခံဥပဒေ ပုဒ်မ ၄၃၆ ကို ပြင်ဆင်ရပါမယ်လို့ ပါတီစည်းဝေးပွဲမှာ ပြောဆိုခဲ့ပါတယ်။ စစ်ကိုင်းတိုင်း ပုလဲမြို့နယ် အန်အယ်လ်ဒီ လွှတ်တော်အမတ် ဒေါ်ခင်စန်းလှိုင်ကလည်း အခြေခံဥပဒေ ဆိုင်ရာ အခက်အခဲ အကြပ်အတည်းတွေကြောင့် တိုင်းပြည် ကသောင်းကနင်း ဖရိုဖရဲ အခြေအနေ ဆိုက်ရောက်သွားနိုင်တယ်လို့ ပြောဆိုကြောင်း AFP သတင်း က ဖေါ်ပြ ပါတယ်။
တပ်မတော်သားကိုယ်စားလှယ် ဗိုလ်မှူးချုပ် တင်စန်းနိုင်ကတော့ ပုဒ်မ ၄၃၆ ကို မပြင်ဆင်သင့်ကြောင်း ပြည်ထောင်စု လွှတ်တော်မှာ ကန့်ကွက်ဆွေးနွေးခဲ့ပါတယ်။
"ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အနေနဲ့ နိုင်ငံရေးစနစ်ဟောင်းတစ်ခုမှ ဒီမိုကရေစီစနစ်တစ်ခုသို့ အသွင်ကူးပြောင်းဆဲကာလာအတွင်း နိုင်ငံတော်တည်ငြိမ်အေးချမ်း လုံခြုံရေးနဲ့ အမျိုးသားအကျိုးစီးပွားအတွက် ဒီမိုကရေစီအလေ့အကျင့်များ မရင့်ကျက်သေးတဲ့အချိန် ဒီမိုကရေစီသက်တမ်းနုနယ်သေးတဲ့အချိန်မှာ ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း ၁၂ ပုဒ်မ ၄၃၆ (က)နဲ့ (ခ) ပါ ရာခိုင်နှုန်းများကို ပြင်ဆင်ရန်မသင့်ပဲ မူလအတိုင်းသာထားရှိသင့်ကြောင်း ဆွေးနွေးတင်ပြအပ်ပါတယ်"
တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်က ၄၃၆ ပြင်ဆင်စရာမလိုကြောင်း ဆွေးနွေးခဲ့သလို၊ ပုဒ်မ ၅၉(စ) မှာ နိုင်ငံတော်သမ္မတအဖြစ် ရွေးကောက်ခံမယ့်သူရဲ့ ချွေးမနဲ့ သားမက်ဟာ နိုင်ငံခြားသားမဖြစ်ရ ဆိုတာကို ဖြေလျှော့ပေးထားတဲ့အပေါ် ပြည်ခိုင်ဖြိုးပါတီကိုယ်စားလှယ်တွေက ထောက်ခံဆွေးနွေးခဲ့ပြီး အန်အယ်လ်ဒီပါတီ ကိုယ်စားလှယ်တွေကတော့ ပုဒ်မ ၅၉(စ)တစ်ခုလုံးကို ပယ်ဖျက်ပေးဖို့ ဆွေးနွေးခဲ့ပါတယ်။
ပြည်ထောင်စုလွှတ်တော်ထံ တင်ထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်တဲ့မူကြမ်းမှာ ပုဒ်မပေါင်း ၃၄ ခုကို ပြင်ဆင်ထားပါတယ်။ အဲဒီ့ထဲက ပုဒ်မ ၅၉၊ ပုဒ်မ ၄၃၆၊ ပုဒ်မ ၄၁၈ နဲ့ ပုဒ်မ ၆၀ တို့ကို ကိုယ်စားလှယ် ၁၅ ယောက်က ဆွေးနွေးတာဖြစ်ပြီး နောက်ထပ်ကိုယ်စားလှယ် ၂၃ ယောက်က ဒီနေ့ ဗုဒ္ဓဟူးနေ့မှာ ဆက်လက်ဆွေးနွေးကြမှာ ဖြစ်ပါတယ်။ မနက်ဖြန် ကြာသပတေးနေ့မှာတော့ ဥပဒေမူကြမ်းပြင်ဆင်ချက်တွေနဲ့ ပတ်သက်ပြီး ပြည်ထောင်စုလွှတ်တော် ဆုံးဖြတ်မှာ ဖြစ်ပါတယ်။
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေထဲက ပုဒ်မ ၄၃၆ ကို မပြင်သင့်ဘူးလို့ တပ်မတော်သား ကိုယ်စားလှယ်ဘက်က လွှတ်တော်မှာဆွေးနွေးခဲ့ကြတာနဲ့ ပတ်သက်လို့ ပြင်ဆင်ဖို့ လက်မှတ်ထိုးတောင်းဆိုခဲ့ကြတဲ့ ပြည်သူတွေရဲ့ အသံတွေကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် စုစည်းတင်ပြထားပါတယ်။
ဒီအကြောင်း RFA သတင်းထောက် ကိုဝင်းကိုကိုလတ် တင်ပြထားတာ နားဆင်နိုင်ပါတယ်။
ဒီအတောအတွင်း ဒီကနေ့ ပြည်ထောင်စုလွှတ်တော်မှာ ဖွဲ့စည်းပုံပြင်ဆင်ရေး ဆွေးနွေးချက်တွေကို ကြည့်ခြင်းအားဖြင့် ပြည်သူလူထုလိုချင်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်နိုင်ဖို့ အလှမ်းဝေးနေတယ်လို့ လွှတ်တော်ကိုယ်စားလှယ်တချို့က သုံးသပ်ကြပါတယ်။ ဒီအကြောင်း RFA အဖွဲ့သူ မသင်းသီရိ တင်ပြထားတာ နားဆင်နိုင်ပါတယ်။