ဦးခင်အောင်မြင့် ဆုံးဖြတ်ချက်ကို အမျိုးသား လွှတ်တော် အတည်ပြု
2011.11.03

Photo: AFP/MRTV 4
ပြည်ထောင်စုလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့် ဆုံးဖြတ်အတည်ပြုခဲ့တာကို ပြီးခဲ့တဲ့ရက်က ပြည်သူ့လွှတ်တော်မှာ ကန့်ကွက်ခဲ့တာကြောင့် မနေ့က ကျင်းပတဲ့ အမျိုးသား လွှတ်တော် အစည်းအဝေးမှာ ဒီအဆိုကို ဆွေးနွေးခဲ့ကြပြီး အများစုရဲ့ ထောက်ခံချက်နဲ့ အတည်ပြုလိုက်တာဖြစ်ကြောင်း ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ RNDP ဥက္ကဋ္ဌ အမျိုးသား လွှတ်တော်အမတ် ဒေါက်တာအေးမောင်က အာအက်ဖ်အေကို ပြောပါတယ်။
" 'ပြည်ထောင်စုလွှတ်တော်က အတည်ပြုသော သို့မဟုတ် အတည်ပြုသည်ဟု မှတ်ယူရမည် ဖြစ်သော ဥပဒေကြမ်းများကို နိုင်ငံတော် သမ္မတ လက်မှတ်ရေးထိုး ထုတ်ပြန်ရေးအတွက် ပေးပို့ခြင်း မပြုမီ ဥပဒေကြမ်း ပူးပေါင်း ကော်မီတီအား စိစစ်စေပြီး နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့် ညီညွတ်ခြင်း ရှိမရှိ သံသယရှိသော ကိစ္စရပ်များ ပါဝင်ပါက ယင်းဥပဒေကြမ်းများကို စိစစ်နိုင်ရေး အတွက် နိုင်ငံတော် ဥပဒေဆိုင်ရာ ခုံရုံးသို့ ပေးပို့ရန် ဆုံးဖြတ်ခြင်းကို ထောက်ခံကြောင်း' ဆိုတာ မနေ့က အမျိုးသားလွှတ်တော်မှာ အဆိုတင်တယ်၊
ဆွေးနွေးကြပါတယ်။ သုံးဦးလောက်က လွဲပြီး ကျန်တဲ့ ပုဂ္ဂိုလ်တွေက ထောက်ခံ ဆွေးနွေးကြပါတယ်"
ဒီအဆိုနဲ့ ပတ်သက်ပြီး အမျိုးသား လွှတ်တော်နဲ့ ပြည်သူ့လွှွတ်တော်ကြား သဘောထား ကွဲလွဲကြတဲ့ အချက်ကိုလည်း ဒေါက်တာအေးမောင်က ရှင်းပြပါတယ်။
"အခြေခံဥပဒေ ဆိုင်ရာနဲ့ ပတ်သက်လို့ ခုံရုံးဟာ အခုကတည်းက တိုင်ပင်စရာ
မလိုဘူး။ ပူးပေါင်း ကော်မီတီက ဥပဒေ အဖြစ် ပြဋ္ဌာန်းပေးသေးတာ မဟုတ်ဘူး။
လွှတ်တော် နှစ်ရပ်ရဲ့ပူးပေါင်း ကော်မီတီ ပြည်ထောင်စု လွှတ်တော်ဆိုတာ
ဥပဒေပြုခွင့် အာဏာ ရှိတယ်။ အဲဒါကြောင့် မိမိတို့ရဲ့ ပြဋ္ဌာန်းပြီးသား
ဥပဒေကိုမှ သာလျှင် ညီညွတ်မှု ရှိမရှိကို ခုံရုံးက စိစစ်ပါ၊ အခုကတည်းက ဒီလို
ဝေါဟာရ သုံးခွင့် ရှိမရှိ ပေးပို့နေရရင် ခုံရုံးအောက်ကို လွှတ်တော်
ရောက်သွားသလို ဖြစ်မယ်ဆိုတဲ့ အမြင်နဲ့ ပြည်သူ့လွှတ်တော်က ကြည့်တယ်။
အမျိုးသား လွှတ်တော်ကတော့ ခုကတည်းက ပို့ရင် နောက်စိစစ်စရာ မလိုတော့ဘူး။
စိစစ်ရင်လည်း ကွဲလွဲမှု လျော့သွားနိုင်တယ်လို့ မြင်တယ်။ အဲဒီ နှစ်ခုမှာ အဓိက
ကွဲလွဲတာပါ"
ဥပဒေပြုရေးမှာ လွှတ်တော်ကသာ ဆုံးဖြတ်ရမှာဖြစ်တဲ့ အတွက် ဥပဒေကြမ်းတွေကို စိစစ်ပေးဖို့ အခြေခံ ဥပဒေ ဆိုင်ရာခုံရုံးကို တင်ပြတာဟာ လွှတ်တော်ရဲ့ အခွင့်အာဏာကို ထိပါးရာ ရောက်တယ်လို့ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် (၇) ဦးက ဆွေးနွေးကြပြီး အများစုရဲ့ဆန္ဒနဲ့ အဲဒီအဆိုကို ပယ်ချခဲ့တာ ဖြစ်ကြောင်း ပြီးခဲ့တဲ့ရက်ပိုင်းက ပြည်သူ့ လွှတ်တော်အမတ် ဦးသိန်းညွှန့်က အာအက်ဖ်အေကို ပြောကြားခဲ့ပါတယ်။